လုပ်ခလစာအား သုံးကြိမ်ခွဲပေးမည် ဆိုသည်ကို မကျေနပ်၍ ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ရာ လစာငွေအပြည့်ရရှိ

လုပ်ခလစာအား သုံးကြိမ်ခွဲပေးမည် ဆိုသည်ကို မကျေနပ်၍ ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ရာ လစာငွေအပြည့်ရရှိ
Published 7 September 2017

ရွှေလင်ပန်းစက်မှုဇုန်ရှိ ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံ အလုပ်သမားများနှင့် တာဝန်ရှိသူတို့ ညှိနှိုင်းနေစဉ်

လုပ်ခလစာ သုံးကြိမ်ခွဲပေးမည် ဆိုသည်ကို မကျေနပ်၍ လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံ အလုပ်သမားများ စက်တင်ဘာ ၅ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ စက်တင်ဘာ ၆ ရက်တွင် လုပ်ခလစာငွေများ ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က (စက်တင်ဘာ ၅ ရက်) ၁၀ နာရီလောက်မှာ သူဌေးက အစည်းအဝေးခေါ်ပြီးတော့ ကျွန်မတို့ရဲ့ လစာကို သုံးခါခွဲပေးမယ်လို့ ပြောတယ်။ ၅ ရက်နေ့မှာ Day ကြေး တစ်ခါပေးမယ်။ ၇ ရက်နေ့မှာ အချိန်ပိုကြေး ပေးမယ်။ ၁၂ ရက်နေ့မှာ အထည်ကြေး၊ Target ကြေးဆုကြေးပေးမယ်ဆိုပြီး ပြောတယ်။ နေ့လယ်ကျတော့ စက်ရုံထဲက အလုပ်သမား ၃၀၀ ကျော်လောက် အပြင်ကို ထွက်လာကြတယ်။ အလုပ်သမားတွေ အတွက်က အိမ်ပြန်ရင်လည်း အကြွေးသမား စောင့်နေတယ်။ တစ်လလုံးဒုက္ခခံပြီး လုပ်လာတဲ့ပိုက်ဆံကို ဘယ်သူမဆို တစ်ခါတည်း လိုချင်တာပေါ့။ ညဘက်တွေလည်း အချိန်ပိုတွေဆင်းပြီး လုပ်ထားရတာ။ အိမ်မှာလည်း မိသားစုတွေရှိတယ်။ မိသားစု မရှိတဲ့လူတောင် ထမင်းဖိုး၊ အဆောင်ကြေးပေးရမယ့် လူတွေကို ၅ ရက်နေ့ ပေးပါ့မယ်လို့ ပြောထားတာကို မပေးနိုင်တော့ဘူးပေါ့။ ကျွန်မတို့ စက်ရုံတစ်ရုံဖြစ်တာဆိုတော့ ပြောရင်လည်း ဘယ်သူက ယုံပေးမှာလဲ” ဟု အလုပ်သမား တစ်ဦးဖြစ်သူ မမြင့်မြင့်ခိုင်က ပြောကြားသည်။

ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာငွေများအား အလုပ်ရှင်က သုံးကြိမ်ခွဲပေးခြင်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိရာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းများထံ အဆိုပါကိစ္စ ဖြေရှင်းပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမားများအား စက်ရုံမန်နေဂျာက စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် လစာငွေများအား သုံးကြိမ်ခွဲမပေးဘဲ အပြည့်ပေးပါမည်ဟု ဆိုသဖြင့် အလုပ်သမားအများစု စက်ရုံသို့ပြန်ဝင်၍ အလုပ်ပြန်လုပ်လျက်ရှိပြီး အလုပ်သမားအချို့မှာ မန်နေဂျာဖြစ်သူ၏ ပြောစကားကို ယုံကြည်မှုမရှိဟုဆိုကာ လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံရှေ့တွင် ဆက်လက် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံက အလုပ်သမားများအား လုပ်ခလစာငွေများ သုံးကြိမ်ခွဲမပေးတော့ဘဲ အပြည့်ပေးချေပြီးဖြစ်ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထွန်းသစ်စကျားဖြူ အထည်ချုပ်စက်ရုံသည် ဂျာကင်အင်္ကျီများချုပ်လုပ်ပြီး နိုင်ငံခြားသို့ တင်ပို့သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Most Read

Most Recent