ကျောင်းကားအစီး ၂၀၀ အတွက် အစုရှယ်ယာဝယ်ယူရန် ရန်ကုန်တိုင်းအစိုးရ ကမ်းလှမ်းထားကြောင်း ရွှေသံလွင်ဦးကျော်ဝင်း ပြောကြား ကျပ် ၅ ဒသမ ၅ ဘီလျံဖိုး ဝယ်ယူမည်ဟု သိရ

ကျောင်းကားအစီး ၂၀၀ အတွက် အစုရှယ်ယာဝယ်ယူရန် ရန်ကုန်တိုင်းအစိုးရ ကမ်းလှမ်းထားကြောင်း ရွှေသံလွင်ဦးကျော်ဝင်း ပြောကြား ကျပ် ၅ ဒသမ ၅ ဘီလျံဖိုး ဝယ်ယူမည်ဟု သိရ
Published 8 October 2018

ကျောင်းကားအစီး ၂၀၀ အတွက် အစုရှယ်ယာဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် လွန်ခဲ့သည့် သုံးလခန့်က ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ရွှေသံလွင် ဦးကျော်ဝင်းက အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သည့် ကျောင်းကား အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောကြားပြီး အစု ရှယ်ယာ ထည့်ဝင်မှုအဖြစ် ကျပ် ၅ ဒသမ ၅ ဘီလျံဖိုး ဝယ်ယူသွားမည်ဖြစ်ကြောင်းများ အသင်းမှ ဗဟိုအမှုဆောင်ကော်မတီဝင် ဦးဗညားဇော်က ပြောကြားသည်။

“ကျောင်းကား အစီး ၂၀၀ကို လိုင်စင်ရ ကန်ထရိုက်တာ အများပိုင်ကုမ္ပဏီလီမိတက် ကို ဒီလုပ်ငန်းဆောင်ရွက်ဖို့အတွက်ကို အစုရှယ်ယာကို လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က  ကမ်းလှမ်းလာတဲ့အတွက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ အများပိုင်ကုမ္ပဏီမှ Board of Director အဖွဲ့က ဆွေးနွေးပါတယ်။အဲဒီလို ကမ်းလှမ်းတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရ အဖွဲ့နဲ့ YRTA က တာဝန်ရှိပုဂ္ဂိုလ်တွေကို တိတိကျကျရှင်းရှင်းလင်းလင်းနဲ့ တင်ပြခဲ့ပါတယ်။ ဘာတင်ပြခဲ့လဲဆိုတော့ ကျွန်တော်တို့ကို ကမ်းလှမ်းတာတော့ ဟုတ်ပါပြီ။ကျွန်တော်တို့က ဒီလုပ်ငန်းကိုလုပ်တဲ့ ကုမ္ပဏီလည်း မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ကုမ္ပဏီလည်း မဟုတ်ပါဘူး။ သို့သော်လည်း အခု ကြွရောက်လာတဲ့ ကျောင်းကားလုပ်ငန်းမှာ ကြိုပို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်များရှိပါတယ်။ ကျွန်တော်တို့ချည်းပဲ လုပ်တယ်ဆိုလို့ရှိရင် လက်ရှိ လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းကို ကျွန်တော်တို့ လုပြီးတော့ လုပ်တဲ့ သဘောမျိုးလည်း သက်ရောက်မှာစိုးတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်မယ်ဆိုတာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ YRTA ကို သေချာပြောပြခဲ့ပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

ထို့ပြင် ကျောင်းကားပြေးဆွဲလုပ်ငန်းများကို မည်သည့် ကျောင်းကား လုပ်ငန်းရှင်များကို မဖိတ်ခေါ်ဘဲ မိမိတို့ဘာသာ လုပ်ဆောင် နိုင်သော်လည်း ကျောင်းကားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင် နိုင်ရန် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် အများပိုင်ကုမ္ပဏီအတွင် အစုရှယ်ယာအနေဖြင့် ကျပ်တစ်သောင်းမှစတင်၍ မည်သူမဆို ထည့်ဝင်နိုင်ကြောင်း ဦးကျော်ဝင်းကပြောကြားသည်။

“တစ်လကို လေးသိန်းလောက်ဝင်တယ်။ လကုန်ရင် ကုန်သွားပြီ။ နောက်တစ်လ လခကောက်ရင် ပြန်ရတာပေါ့နော်။ အဲဒါဟာ ကျွန်မတို့အားလုံးနီးပါး ကျင်လည်နေရတဲ့ ဘဝတွေပါ။ အများပိုင်ကုမ္ပဏီသာ ဖွဲ့လိုက် မယ်ဆိုရင် ကျွန်မတို့ ဒီလို တစ်လချင်းဝင်ငွေ ရပါမလား။ အများပိုင်ဆိုတာ ကျွန်မ သိသလောက်က တစ်နှစ်တစ်ခါမှ ရမယ်ဆိုရင် ကျွန်မတို့ ၁၁ လလုံး ၁၂ လလုံး ဘာနဲ့ စားနေရမလဲ။ လူကြီးမင်းတို့ ခြောက်လတစ်ခါ၊ သုံးလ တစ်ခါပေးမယ် တိုးလာပေးမယ်ပေါ့နော်။ သုံးလဆိုတဲ့ အတိုင်းအတာမှာလည်း ဘယ်လောက်ထိ စားနိုင်ဦးမလဲ”  ဟု ကျောင်းကား အများပိုင်ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး လက်ရှိကျောင်းကားလုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်လတ်လတ်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းကားအတွက် မြှုပ်နှံထားသည့် ကျပ် ၁၀ ဒသမ ၅ ဘီလျံအနက် ကျပ် ၅ ဒသမ ၅ ဘီလျံမှာ ပုဂ္ဂလိက ရွှေလက်ကုမ္ပဏီက ချေးယူထားခြင်း သို့မဟုတ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ချေးယူထားခြင်းများနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးမေးမြန်းထားပြီး တိကျပြတ်သားသော အဖြေ မရှိသေးချိန်တွင် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း တာဝန်ရှိသူ အချို့ က ကျောင်းကား ရှယ်ယာ ကျပ် ၅ ဒသမ ၅ ဘီလျံဖိုး ဝယ်ယူမည်ဟု ပြောကြားလာခြင်း ဖြစ်သည်။

“အများပိုင်ကတော့ ဖွဲ့ကို ဖွဲ့ရမှာ။  ကား အစီး ၂၀၀ ကနေ ဖွဲ့ရမှာဖြစ်တဲ့အတွက် အစ်ကိုတို့၊ အစ်မတို့ ပါချင်လည်းပါ မပါချင်လည်း နေပါ။ ရှယ်ယာဝင်တဲ့အခါမှာလည်း ဘယ်လောက်ဝင်ရမလဲဆိုတော့ ငါးဘီလျံအတိုင်းပဲ ဝင်ရမှာ။ ဝင်မယ်လို့ ကျွန်တော်တို့ ပြောထားပြီးသွားပြီ” ဟု ဦးကျော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ အများပိုင်ကုမ္ပဏီအနေဖြင့် တိုင်းအစိုးရက ကမ်းလှမ်းထားသည့် ကျပ် ၅ ဒသမ ၅ ဘီလျံ အတွက် MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးရန် အသင့်ရှိနေပြီး အသေးစိတ်ညှိနှိုင်းမှု များဆောင်ရွက်ကာ MoU စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဦးဗညားဇော်က ပြောကြားသည်။

“ရှယ်ယာဆိုတာက တိုင်းအစိုးရဝယ်ထားတဲ့ကား အစီး ၂၀၀ ရှိတယ်။ အဲဒီ ၂၀၀ကို ရန်ကင်း TTC နဲ့ ကမာရွတ် TTC မှာ ၆၅ စီး ပြေးဆွဲနေတယ်။ အဲဒါကို သူတို့ဝယ်ထားတဲ့ ပမာဏအပေါ် ကျွန်တော်တို့ကို ရှယ်ယာဝင် ခိုင်းတာပါ။ သူတို့ဝယ်ထားတာက ၁၀ ဒသမ ၅ ဘီလျံလို့ပြောတယ်။ ၁၀ ဒသမ ၅ ဘီလျံမှာ ၅ ဒသမ ၅ဘီလျံကို ဘဏ်ချေးငွေ လုပ်ထားတယ်လို့ပြောတယ်။ အဲဒါကို ကျွန်တော်တို့က ရှယ်ယာဝင်တယ်” ဟု ပြောကြားသည်။

Most Read

Most Recent