၂၀၁၈ ခုနှစ် သြဂုတ်လတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၄ ဒသမ ၁၇ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်

၂၀၁၈ ခုနှစ် သြဂုတ်လတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၄ ဒသမ ၁၇ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်
Published 24 September 2018

ရွှေပြည်သာမြို့နယ် ဘုရင့်နောင်လမ်းအနီးရှိ စည်ပင်သာယာရေးဈေးတစ်ဈေးတွင် အိမ်ရှင်မများဈေးဝယ်နေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

၂၀၁၈ ခုနှစ် သြဂုတ်လတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၄  ဒသမ ၁၇ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက်  ၈ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် သြဂုတ်လအတွက်တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၅၆ ဒသမ ၈၈၊ အစားအစာမဟုတ်သော အုပ်စု အတွက် ၁၂၆ ဒသမ ၂၇ နှင့်အုပ်စုအားလုံးအတွက် ၁၄၄ ဒသမ ၁၇ ရှိ ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်း ၁၃၃ ဒသမ ၂၇ နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၁၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။

ယခင်နှစ်ကာလတူထက် စားသုံးသူဈေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူဈေးဆနှုန်းတွက်ချက် ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းဈေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ၁၃၄ ဒသမ ၄၃ ရှိရာမှစ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင်  ၁၃၉ ဒသမ ၁၁ သို့ ကျဆင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ပြန်လည်မြင့်တက်လာခဲ့ရာ သြဂုတ်လအထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဇွန်လမှစ၍မိုးများစွာရွာသွန်းခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကုန်စည်ဈေးနှုန်းများဆက်လက်မြင့် တက်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆ နှုန်းများကိုကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့တွင် ယခင်လနှင့်နှိုင်းယှဉ်ပါက မြင့်တက် ခဲ့ရာတွင် ကရင်ပြည်နယ်တွင် ၆ ဒ သမ ၀၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း၊ သြဂုတ်လအတွင်း ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ကာ သဘာဝဘေးဒဏ် ကိုပြင်းထန်စွာခံစားခဲ့ရ၍ ကုန်စည်အဝင်အထွက်များနည်းပါးပြီး သယ်ယူစရိတ်နှုန်းထားများ မြင့်မားလာကာ ကုန်စည်ဈေးနှုန်းများ အဆများစွာ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ် သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိတစ်နှစ် ပျမ်းမျှ ၅ ဒသမ ၀၂ ရာခိုင်နှုန်းရှိ ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်နှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လတို့၏ နှစ်အလိုက် ပြောင်းလဲမှုကိုနှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Recent