ရွှေနှင့်ဒေါ်လာ တစ်ပြိုင်နက် ဝယ်ယူဈေးကစားနေသူများရှိနေပြီး ကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းမှုကြောင့် လူထုကျပ်တည်းမှု စတင်နေပြီဖြစ်ကြောင်းနှင့် ဈေးကစားမှုများ၊ ငွေကြေးခဝါချမှုများကို အရေးယူရန်လိုအပ်ကြောင်း ထောက်ပြ

ရွှေနှင့်ဒေါ်လာ တစ်ပြိုင်နက် ဝယ်ယူဈေးကစားနေသူများရှိနေပြီး ကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းမှုကြောင့် လူထုကျပ်တည်းမှု စတင်နေပြီဖြစ်ကြောင်းနှင့် ဈေးကစားမှုများ၊ ငွေကြေးခဝါချမှုများကို အရေးယူရန်လိုအပ်ကြောင်း ထောက်ပြ
Published 22 September 2018

ရွှေနှင့် ဒေါ်လာ တစ်ပြိုင်နက်ဝယ်ယူဈေးကစားနေသူများရှိနေပြီး ကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းမှုကြောင့် လူထုကျပ်တည်းမှု စတင်နေပြီဖြစ်ကြောင်းနှင့် ဈေးကစားမှုများ၊ ငွေကြေးခဝါချမှုများကို အရေးယူရန်လိုအပ် ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုအပါအဝင် မြန်မာ့စီးပွားရေး လေ့လာသူများက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ယခင်ကဒေါ်လာဈေးမြင့်တက်ပါက ရွှေဈေးကျဆင်းပြီး ရွှေဈေးမြင့်တက်ပါက ဒေါ်လာဈေးကျဆင်းသည့် အခြေအနေဖြစ်သော်လည်း လက်ရှိအချိန် တွင် ရွှေဈေးနှင့် ဒေါ်လာဈေး တစ်ဟုန်ထိုးမြင့် တက်နေပြီး ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ၂၀ ရက်တွင် ကျပ် ၁၀၄၄၇၀၀ သို့ စံချိန် တင်မြင့်တက်ခဲ့သည်။ သို့သော် ကမ္ဘာ့ရွှေဈေးမှာမူ ၁၂၀၂ ဝန်းကျင်သာဖြစ်နေပြီး ယခုနှစ် ဇွန် ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၇၄ ဒေါ် လာဖြစ်စဉ်က ပြည်တွင်းရွှေဈေးမှာ ကျပ် ၉၃၆၇၀၀ ခန့်သာ ရှိနေသဖြင့် ပြည်တွင်းရွှေ ဈေးမှာ ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ဈေးကစားမှုများကြောင့် မြင့်တက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး ထိုသို့ ကမ္ဘာ့ရွှေဈေးနှင့်သာ ချိတ်ဆက်ပါက ပြည်တွင်းရွှေဈေးမှာ ကျပ် ၉၃၀၀၀၀ ခန့်သာ ရှိသင့်သော်လည်း ကျပ် ၁၁၅၀၀၀ ခန့် ပိုများနေသည်။

“သြဂုတ် ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးက ၁၁၈၅ ဒေါ်လာပဲရှိချိန်မှာ ပြည်တွင်းရွှေဈေး က ကျပ် ၉၅၁၀၀၀၀ လောက်ပဲရှိပြီး ဒေါ်လာဈေးက ၁၅၀၀ လောက်ပဲ ဖြစ်တယ်။ စက်တင်ဘာ ၂၀ မှာ ကမ္ဘာ့ရွှေဈေးက ၁၂၀၂၊ ၁၂၀၃ ဒေါ်လာလောက်မှာ ပြည်တွင်းရွှေဈေးက ၁၀၃၆၀၀၀ လောက်ဖြစ်နေတယ်။ ကမ္ဘာ့ရွှေဈေးက ၁၈ ဒေါ်လာလောက်ပဲတက်ပြီး မြန်မာ ကျပ်ငွေနဲ့တွက်ရင် ၂၉၀၀၀ လောက်ပဲ ရှိပေမဲ့ ရွှေဈေးကို ကျပ် ၈၀၀၀၀ လောက် ဆွဲတင်ထားပြီး ဒေါ်လာဈေးမှာကျတော့ ကျပ် ၁၃၀ လောက် ဆွဲမထားတာ တွေ့ရတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ကစားနေတဲ့ ဈေးကွက်ကို မထိန်းနိုင်ရင် မြန်မာ့စီးပွားရေး ဒီထက်အဆပေါင်းများစွာ ဆိုးရွားမယ်။ ဘာလို့လဲဆိုတော့ ရွှေကို ဒေါ်လာကို အလုပ်လုပ်ဖို့ထက် အတက်အကျလှိုင်းမှာ အရောင်းအဝယ်လုပ်ပြီး အကျိုးစီးပွားရှာသူတွေကြောင့်ပဲ။ တကယ် အလုပ်လုပ်နေသူတွေက အကျိုးဖြစ်သင့်သလောက်မဖြစ်ဘဲ အလုပ်လုပ်သူတွေရဲ့ ဒေါ်လာတွေ ရွှေတွေကို ထိုင်ကစားပြီး တစ်နိုင်ငံလုံးရဲ့ Macroeco nomics ကို ထိခိုက်နေစေလို့ပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေလင်းဇင်က ရွှေဈေးနှင့် ဒေါ်လာဈေး၏ လက်ရှိအခြေအနေအပေါ် ၎င်း၏ယူဆချက်ကို ပြောကြားသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ဇွန်လခန့်မှစတင်ကာ ဆိုးရွားစွာကျဆင်းလာပြီး လက်ရှိအချိန်တွင် ကျပ် ၁၆၅၀ အထိ စံချိန်တင် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ စံချိန်တင် ဒေါ်လာဈေးမြင့်တက်မှုမှာ ပြည်ပ၏ သက်ရောက်မှုများနှင့် ပြည်တွင်းအခြေအနေများကြောင့်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ ပြည်တွင်းစီးပွားရေးအခြေအနေ မညီမျှမှုပြဿနာများ နှင့် စီးပွားရေးဆိုင်ရာအခြေခံအားနည်းချက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး အခြားနိုင်ငံငွေကြေးများထက် ပိုမိုကျဆင်းနေသည်ဟု ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့တစ်ဝန်းရှိနိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်းနေသည်ဟု ဆိုနေသော်လည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ အချိန်တိုအတွင်း ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းခဲ့သည်။

“မြန်မာပြည်မှာ ကျပ်ငွေတန်ဖိုးကျနှုန်းကမြန်နေတယ်။ ဆိုလိုချင်တာက အကြောင်းအရာမှာ ဒေါ်လာဈေးတက်လာလို့ ပြည်ပပို့ ကုန်တွေ တက်လာတယ်ဆိုရင်တော့ နိုင်ငံခြားဝင်ငွေပိုရမယ်။ ဒီလိုရလာတဲ့နိုင်ငံခြားဝင်ငွေကို သွင်းကုန်အပေါ်မှာ ပြန်ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ် ခုအထိ အကျိုးကျေးဇူးရှိမယ်လို့ ယူဆလို့ရတယ်။ ယေဘုယျပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုးဆိုရင်တောင် ကျွန်တော်တို့ ကျပ်ငွေတန်ဖိုး ကျနှုန်းက ဒီလောက်မြန်နေစရာအကြောင်း မရှိဘူး။ စဉ်းစားရမှာက အခုဖြစ်နေတဲ့ ပုံစံက ဈေးကစားတာနဲ့ ငွေကြေးခဝါချတာတွေရယ်ကြောင့် ဖြစ်နေတာ။ အရင်တုန်းကဆို ကျွန်တော်တို့နိုင်ငံမှာ ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ ရွှေဈေးတက်ရင် ဒေါ်လာဈေးကျတယ်။ အခုက ရွှေရော၊ ဒေါ်လာရောက တစ်ပြိုင်နက်တည်းတက်နေတာ။ တစ်နည်းပြောရရင် ရွှေဈေးရော ဒေါ်လာအပေါ်မှာ နှိုင်းယှဉ်တဲ့အခါမှာ မြန်မာကျပ်ငွေတန်ဖိုးက နှစ်ခုစလုံးအပေါ်မှာ ကျနေတယ်။ ဆိုလိုတဲ့ဟာက ဈေးကစားသူတွေက ရွှေဝယ်ခြင်း ဒေါ် လာဝယ်ခြင်းကို အလုံးအရင်းနဲ့ လုပ်နေသူတွေ ရှိနေလို့ပေါ့။ ရွှေနဲ့ဒေါ်လာကို တစ်ပြိုင် နက်ဝယ်လာတဲ့အတွက် ဝယ်လိုအားရောင်းလိုအား သဘောအရ မြန်မာကျပ်ငွေတန်ဖိုး ကျလာတယ်။ တစ်နည်းပြောရရင် ကျွန်တော် တို့ဈေးကွက်ထဲမှာ ငွေမည်းတွေအများကြီး ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလိုငွေမည်းတွေရှိနေတဲ့ ဒါတွေက ရွှေနဲ့ ဒေါ်လာအဖြစ် ပြောင်းသွားတယ်။ အိမ်ခြံမြေဆိုရင် အခွန်ကောက်လို့ရတယ်။ ဒေါ်လာတို့ဘာတို့ဆိုရင် အခွန်လိုက်လို့မရဘူး။ အဲဒီလိုဖြစ်လာတဲ့အ တွက် လက်ရှိအခြေအနေက ဗဟိုဘဏ်တစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတဲ့အရာတော့ မဟုတ်တော့ဘူး” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအခြေအနေကို ထိန်းကျောင်းရန် ဗဟိုဘဏ်အနေဖြင့်  Currency SWAP (ဗဟိုဘဏ်မှ နိုင်ငံခြားငွေထုတ်ပေးပြီး ပြည်တွင်းဘဏ်များက ယင်းဒေါ်လာနှင့် ညီမျှသည့်ကျပ်ငွေကို အ ပေါင်အဖြစ် ဗဟိုဘဏ်သို့ ပြန်လည်အပ်နှံကာ ယင်းအပ်နှံကျပ်ငွေအပေါ် ဗဟိုဘဏ်က အတိုးပေးမည့် အစီအစဉ်) အစီအစဉ် အကောင်အထည် ဖော်ဆောင်နေသော်လည်း ပြည်တွင်းဘဏ်များက အဆိုပါအစီအစဉ် အား လက်ခံလိုမှု နည်းပါးနေသည်ဟု ကြားသိရကြောင်းနှင့် ပြန်ဆပ်ချိန်တွင် အရှုံးပေါ်မည်ကို စိုးရိမ်နေသည့်အပြင် ယင်းအစီအစဉ်တစ်ခုတည်းဖြင့် ကျပ်ငွေတန်ဖိုး ထိန်းညှိနိုင်မည်မဟုတ်ကြောင်း Renaissance Institute မှ စီးပွားရေးပညာရှင်တစ်ဦးက ဆိုသည်။ ထို့ပြင် စက်သုံးဆီဈေးနှုန်းတွင်လည်း ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယ ံဒီဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်ဈေး နှုန်းများတွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၁၀၄၅ (တစ်ဂါလန် ၄၇၄၄ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၁၀၅၅ (တစ်ဂါလန် ၄၇၈၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၁၅ (တစ်ဂါလန် ၄၆၀၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၆၅ ကျပ် (တစ်ဂါလန် ၄၈၃၅ ကျပ်) ဖြစ်ပေါ်နေ၍ အဆိုပါဈေးနှုန်းများကို နှိုင်းယှဉ်ပါက လပေါင်း ၃၀ ဝန်းကျင်အတွင်း ဒီဇယ် ၁၀၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၉၅ ရာခိုင်နှုန်း၊ 92 Ron ၈၅ ရာခိုင်နှုန်း၊ 95 Ron ၆၄ ရာခိုင်နှုန်း ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုသို့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွင်လည်း အစိုးရအနေဖြင့် လုပ်ငန်းရှင်လူတစ်စု၏ စကားကိုသာ နားထောင်မနေဘဲ ပြည်သူအများ၏ အကျိုးစီးပွားအတွက် ပြည်ပကုမ္ပဏီများကို စက်သုံးဆီကဏ္ဍ တွင် ဝင်ရောက်မြှုပ်နှံခွင့် အမြန်ဆုံးခွင့်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“Currency SWAP တစ်ခုတည်းနဲ့လည်း အောင်မြင်မယ့်ကိန်း မပေါ်ဘူး။ ဘာလို့လဲဆို ဒေါ်လာကို Currency SWAP တစ်ခုတည်းလုပ်မယ်ဆို ဒေါ်လာလိုအပ်ချက်အတိုင်း ပြည့်မီလုံလောက်စွာ ဖြည့်ဆည်းနိုင် တဲ့အနေအထား ရှိချင်မှရှိမယ်။ ဒီလိုပုံစံနဲ့ တော့ ၁၆၀၀၊ ၁၇၀၀၊ ၂၀၀၀ အထိများ ဖြစ်သွားခဲ့ရင် ဒါဟာတော်တော်လေးကို လူထုမှာ အကျပ်အတည်းဖြစ်လာနိုင်တယ်။ အထူးသဖြင့် ဘယ်မှာ အကျပ်အတည်းစဖြစ်နေပြီလဲဆို လောင်စာဆီတွေမှာ စပြီးတော့ ဈေးနှုန်းတွေ တက်နေပြီ။ လောင်စာဆီဈေးနှုန်းတက်တဲ့အတွက် လောင်စာဆီနဲ့အတူ ကုန်စည်စီးဆင်းမှုစရိတ်တွေအကုန်လုံး ဂေါ်ဖီ ထုပ်လို၊ ပန်းလို အခြေခံစားကုန် အကုန်လုံး သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဈေးနှုန်းတွေတက်မယ်။ အဲဒါတွေနဲ့အတူ စားဝတ်နေရေးစရိတ်တွေတက်မယ်။ အဲဒါတွေနဲ့အတူ လူထုမှာ အကျပ်အတည်းပိုပြီးဖြစ်လာလိမ့် မယ်” ဟု Renaissance Institute မှ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent