ဦးခေါင်းကိုသေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းအမှုနှင့် ပတ်သက်၍ ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားထားသည့်စာအရ ဒေသခံ ၁၀ ဦးအား ဆားလင်းကြီးမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဒေသခံများ ပြောကြား

ဦးခေါင်းကိုသေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းအမှုနှင့် ပတ်သက်၍ ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားထားသည့်စာအရ ဒေသခံ ၁၀ ဦးအား ဆားလင်းကြီးမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဒေသခံများ ပြောကြား
Published 21 September 2018

သေနတ်ထိမှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုနှင့်ပတ်သက်၍ ဒေသခံများအား ဆားလင်းကြီးရဲစခန်းတွင် မေးမြန်းနေစဉ်

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း အမှုနှင့်ပတ်သက်၍ ဒေသခံများသည် နိုင်ငံတော်သမ္မတထံ တိုင်ကြားထားသည့်စာအရ ဒေသခံ ၁၀ အား ဆားလင်းကြီးမြို့မရဲစခန်းတွင် ခေါ်ယူကာ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မုံရွာမြို့သို့ အလည်အပတ် ရောက်ရှိခဲ့စဉ်ကာလက လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းအမှုနှင့် ပတ်သက်၍ ဒေသခံများသည် အမှုမှန်ဖော်ထုတ်ပေးရေးအတွက် နိုင်ငံတော်သမ္မထံစာဖြင့် တိုင်ကြားခဲ့ကြောင်း ၎င်းစာအရ စက်တင်ဘာ ၂၀ ရက်က ဒေသခံ ၁၀ ဦးအား ဆားလင်းကြီးမြို့မရဲစခန်းတွင် ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“သမ္မတဦးဝင်းမြင့် မုံရွာလာတုန်းက ကျွန်မတို့ ဒေသခံတွေကနေပြီးတော့၂၀၁၄ ခုနှစ်ကတည်းကဖြစ်ခဲ့တဲ့ ပြဿနာတွေကို အခုချိန်ထိ မဖြေရှင်းပေးတာတွေ၊ ပြီးတော့ ကျွန်မအစ်မ ဒေါ်ခင်ဝင်းသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမှုမှန် ဖော်ထုတ်ပေးဖို့အတွက် စာနဲ့တိုင်ကြားခဲ့တယ်။ စာက ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတစ်ဆင့် ရဲစခန်းကို ပြန်ကျလာတယ်။ စာအရ ကျွန်မတို့ဒေသခံ ၁၀ ဦးကို ဆားလင်းကြီးရဲစခန်းမှာခေါ်ပြီး ဖြစ်စဉ်တွေ မေးပါတယ်။ ကျွန်မတို့ကလည်း ဖြစ်စဉ်အားလုံးကို ပြောပြလိုက်ပါတယ်။ ကျွန်မတို့ ပြောတဲ့စကားတွေကို မေးတဲ့သူက သမ္မတထံ ပြန်လည်ပေးပို့သွားမယ်လို့ ပြောပါတယ်” ဟု ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း၏ အစ်မဖြစ်သူ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်မာအေးက ဆိုသည်။

ဦးခေါင်းကိုသေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်တွင် တည်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြေယာများအား တိုးချဲ့ခြံစည်းရိုးခတ်နေချိန်တွင် မြေယာလျော်ကြေး ရယူထားခြင်း မရှိသေးသည့် ဒေသခံများက ကန့်ကွက် တားဆီးရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဘက်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပွင့်ထွက်ကာ သေဆုံးသွားခဲ့သည်။

ထို့ပြင် ဦးခေါင်းအား သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏အမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေအရာရှိသူတို့၏ သဘောထားမှတ်ချက်ဖြင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းက ယင်းအမှုအား ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်က ရုပ်သိမ်းခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံများသည် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် လုံခြုံရေးရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် သပိတ်စခန်းအား ဖြိုခွင်းနှိမ်နင်းခဲ့သောကြောင့် သံဃာတော်အပါး ၁၀၀ မှာလည်း မီးလောင်ဗုံး ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

ဦးခေါင်းအား သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏ အသုဘအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် လက်ပံတောင်းတောင် ဒေသခံ ၁၀၀၀ ကျော်က လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား မိုးကြိုးပြင်ကျေးရွာ၏ အနောက်ဘက် သုသာန်တွင် အုတ်ဂူသွင်း သဂြိုဟ်ခဲ့ကြကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း အမှုနှင့်ပတ်သက်၍ ဒေသခံများသည် နိုင်ငံတော်သမ္မထံတိုင်ကြားထားသည့်စာအရ ဒေသခံ ၁၀ ဦးအား ဆားလင်းကြီးမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ ဆားလင်းကြီးမြို့နယ်မှ တာဝန်ရှိရဲအရာရှိကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လမ်းမှာ ကားမောင်းနေကြောင်း ပြန်လည်ဖြေကြားသွားကာ ဖုန်းချသွားခဲ့သည်။

Most Read

Most Recent