ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ဓား၊ သေနတ်အတု ကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းယူသူများအား ဖမ်းဆီးအရေးယူ

ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ဓား၊ သေနတ်အတု ကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းယူသူများအား ဖမ်းဆီးအရေးယူ
Published 20 September 2018

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ဓား၊ သေနတ်အတုကိုင်ဆောင်ပြီး ခရီးသည်များထံတွင် ခြိမ်းခြောက်ငွေတောင်းယူသူများအား ဖမ်းဆီးအရေးယူထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင် မန်ပြိန်းကျေးရွာအနီးတစ်ဝိုက်တွင် ညအချိန် ခရီးသွားမော်တော်ယာဉ်များအား ဓား၊ သေနတ်ကိုင်ပြီး မကြာခဏ ခြောက်လှန့်၍ ငွေနှင့်ပစ္စည်းများ တောင်းခံနေကြောင်း သတင်းအရ ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ စုံစမ်းနေစဉ် ကောင်းခန့်ကျေးရွာနေ အားဟွေ(ခ)စီ ဟွေဟွေ (၂၂)နှစ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိုင်းအောင်ကျော်ဖြိုး အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ဘဏ်ငွေစုကတ်တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါ အားဟွေ (ခ) စီဟွေဟွေသည် အပေါင်းအဖော်များနှင့်အတူ ယခင်ကလည်း ဓား၊ သေနတ်အတု ကိုင်ဆောင်၍ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခြောက်ကြိမ်ခန့် ယာဉ်များထံမှ ငွေနှင့်ပစ္စည်းများ တောင်းခံခဲ့ကြောင်း သိရသည်။

အားဟွေသည် စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီခန့်က အားယုံ(ခ)အားယုတ်(ခ)လောက်ယုတ်(၄၀ နှစ်)နှင့်အတူ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သေနတ်အတု ကိုင်ဆောင်၍ သိန်းနီဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသည့် တွဲယာဉ်တစ်စီးမှ ကျပ် ၂၇၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံး၊ ခြောက်ဘီးယာဉ်တစ်စီးမှ ကျပ် ၅၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့အား ခြောက်လှန့်တောင်းခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းနေထိုင်သောနေအိမ်အား သွားရောက်ရှာဖွေရာ ကင်ဒိုဓားတစ်ချောင်း၊ လက်ကိုင်ဖုန်း သုံးလုံး၊ ပစ္စတိုကော်သေနတ် အတုတစ်လက်နှင့် ကျပ် ၁၀၂,၅၀၀တို့ကိုပါ ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူအား အသေးစိတ် စစ်ဆေးချက်အရ ၎င်းနှင့်အတူ အားယုံ(ခ)အားယုတ်(ခ)လောက်ယုတ်၊ အားကျူး၊ အားကျူတို့မှ ခြိမ်းခြောက်ငွေ တောင်းခံခြင်းများအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အားဟွေ(ခ)စီဟွေဟွေပါ လေးဦးအား ကွတ်ခိုင်မြို့မရဲစခန်း (ပ)၆၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အရေးယူထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Most Read

Most Recent