ကြားဖြတ်ရွေးကောက်ပွဲတွင် မင်းဘူးမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေအား ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီဝန်းရံ

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်းဘူးမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေအား ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီဝန်းရံ
Published 18 September 2018

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေ၏ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးဖွင့်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် မင်းဘူး (စကု) မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ဦးသိန်းထက်ဝေ၏ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခွဲကို စကုမြို့၌ စက်တင်ဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးခွဲကို စကုမြို့ အမှတ် (၁) ရပ် မင်းလမ်း၏ ယာဘက်ဘေးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ပါတီ၏ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် အခြားပါတီဝင်များက ဝန်းရံခဲ့ကြသည်။

မြို့သစ်၊ မကွေး၊ မင်းဘူး၊ စလင်းစသည့် မြို့များတွင် ပါတီစည်းရုံးရေးဆင်းရင်းဖြင့် ဦးသိန်းထက်ဝေ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လာရောက် ဝန်းရံကြခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီ၏ စည်းရုံးရေးမှူး ဦးကျော်လင်းက ပြောကြားသည်။

“အမှန်အကန် အရှိအရှိအတိုင်း မြင်ဖို့အတွက် အဓိက အဟန့်အတားဖြစ်နေတာ နှစ်ချက်ရှိနေတယ်ဆိုတာ ထောက်ခံသလား။ တစ်ခုက ဘာလဲဆိုတော့ အကြောက်တရား၊ အကြောက်တရား သိပ်ကြီးရင် ကန်းတယ်။ မမြင်ရဘူး။ အချစ်တရား။ ချစ်လွန်းအားကြီးရင် ကန်းတယ်။ အပြစ်ကို မမြင်တော့ဘူး။ အပြစ်တွေရှိပေမယ့် ချစ်လွန်းအားကြီးရင်လည်း အပြစ်တွေကို မမြင်ကြဘူး။ အဲဒါဆိုရင် ခင်ဗျားတို့က မှန်မှန်ကန်ကန် လမ်းကြောင်းကို မရောက်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ကြောက်ခြင်း သဘောတရား၊ ချစ်ခြင်းသဘောတရားကို ရှောင်ပြီးတော့ ကျွန်တော်တို့ဒေသအတွက် ဘယ်သူကတော့ ထိထိရောက်ရောက် အကျိုးပြုနိုင်မလဲ၊ ကိုယ်စားပြုနိုင်မလဲဆိုတဲ့ အမြင်ပွင့်သွားဖို့အတွက် စကုဟာ အရေးကြီးတယ်” ဟု ပြည်သူ့ပါတီ၏ ခေါင်းဆောင်ဖြစ်သည့် ဦးကိုကိုကြီးက အထက်ပါ ရုံးခန်းဖွင့်ပွဲတွင် အမှာစကား ပြောကြားသည်။

မင်းဘူး (စကု) မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးသိန်းထက်ဝေ၊ ဦးသောင်းစိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ရွေးချယ်ခံမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေက “ပြည်သူထဲက ပြည်သူ့ကိုယ်စား အခုလိုပထမဦးစွာ လမ်းဖောက်မှု လမ်းခင်းမှုအတွက်၊ အနာဂတ် ကျွန်တော်တို့နယ်၊ ကျွန်တော်တို့ဒေသရဲ့ မျိုးဆက်သစ်လူငယ်များ ကိုယ့်ရပ်ကိုယ့်ဒေသရဲ့ အကျိုးကို အမှန်တကယ် အကျိုးပြုဆောင်ရွက်နိုင်ဖို့၊ ကိုယ့်ရပ်ကိုယ့်ဒေသရဲ့ အခက်အခဲကို ကိုယ်တိုင်ဝိုင်းဝန်း ဖြေရှင်းနိုင်ဖို့အတွက်၊ လူငယ်မျိုးဆက်သစ်များ တိုးတက်ဖို့အတွက် အဓိက ရည်ရွယ်ချက်နဲ့ ကျွန်တော် ရွေးချယ်ခံခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်သည် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး တာဝန်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကပါ နုတ်ထွက်ခဲ့သောကြောင့် ယင်းနေရာမှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေခြင်း ဖြစ်သည်။

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံတို့ဖြစ်ကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) (အကျုံးဝင်သောမြို့နယ် မြစ်ကြီးနား) ဖြစ်သည်။

ထို့အတူ လစ်လပ်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်ကြသည်။

အင်အားကြီးပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၁၀ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent