ဗန်းမောက်မြို့နယ် နောင်မလင်ကျေးရွာအနီး၌ နွားခုနစ်ကောင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး

ဗန်းမောက်မြို့နယ် နောင်မလင်ကျေးရွာအနီး၌ နွားခုနစ်ကောင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး
Published 16 September 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် နောင်မလင်ကျေးရွာ အနီးတွင် စက်တင်ဘာ ၁၄ ရက်က နွားခုနစ် ကောင် မိုးခိုနေစဉ်အတွင်း မိုးကြိုးပစ်ခံရမှု ကြောင့် နွားများသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နောင်မလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်က ဗန်းမောက်မြို့နယ် နောင်မလင် ကျေးရွာအနီးရှိ သစ်ပင်အောက်သို့ နွားခုနစ် ကောင် မိုးခိုနေစဉ်အတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဗန်း မောက် မြို့နယ် နောင်မလင်ကျေးရွာသည် ယခင်ကလည်း မိုးကြိုးပစ်ခံရ၍ လူသေဆုံး မှုအချို့လည်း ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“နွားမလေးကောင်၊ နွားထီး သုံးကောင် သေဆုံးသွားတယ်။ မနေ့က မွန်းတည့် ၁၂ နာရီခွဲလောက်က ဖြစ်သွားတာ။ မိုးရွာနေတော့ လယ်ကွင်းနားက သစ်ပင်အောက်မှာ နွားတွေက မိုးခိုကြတယ်။ မိုးခိုရင်းနဲ့ မိုးကြိုး ပစ်ခံရတာပါ။ မိုးခိုနေတဲ့ နွားခုနစ်ကောင်လုံး သေသွားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေကိုတော့ အကြောင်းကြားထားပါတယ်” ဟု ဗန်းမောက်မြို့နယ် နောင်မလင်ကျေးရွာအုပ် ချုပ်ရေးမှူးဦးကျော်မျိုးက ပြောကြားသည်။

ထို့ပြင် ယခင်က ဗန်းမောက်မြို့နယ် နောင်မလင်ကျေးရွာ အနီးတွင် ရွှေကျင်နေသည့် လူလေးယောက်သည် မိုးကြိုးပစ်ခံရ၍ လူတစ်ဦးသေဆုံးခဲ့ရပြီး ကျန်လူသုံးဦးမှာ မိုးကြိုးစက်ကွင်းမှ လွတ်မြောက်ခဲ့ရကြောင်း သိရသည်။

မိုးကြိုးပစ်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့သည့် နွားခုနစ်ကောင်လုံးအား မြေမြှုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent