ကမ္ဘာ့ဒေါ်လာဈေး ပြန်တက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၅၅ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး ပြန်တက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၅၅ ကျပ်အထိ မြင့်တက်
Published 11 September 2018

စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ဒသမ ၃၁ ပွိုင့်ဝန်းကျင်အထိ ပြန်တက်လာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၅၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ မတ်လတွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေလတွင် ၉၄ ဒသ မ ၈၃ ပွိုင့်၊ ဇွန်လတွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၁၀ ရက်တွင် ၉၅ ပွိုင့်အထက် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေလတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်လတွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၃၄ ဖြစ်ပြီး စက်တင်ဘာ ၇ ရက် ဈေးနှုန်းအတိုင်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၈၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၂၃ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၂ ကျပ်၊ ထိုင်းဘတ် ၄၇ ဒသမ ၃၀ ကျပ်၊ တရုတ်ယွမ် ၂၂၆ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၈၅ ကျပ် ဖြစ်သည်။

Most Read

Most Recent