ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် တရုတ်တစ်ရှူးငှက်ပျောခင်းများအတွက် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်ခဲ့သည့် ကား ၂၅ စီးကိစ္စ တရုတ်နိုင်ငံဘက်မှ အကြောင်းမပြန်သေး

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် တရုတ်တစ်ရှူးငှက်ပျောခင်းများအတွက် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်ခဲ့သည့် ကား ၂၅ စီးကိစ္စ တရုတ်နိုင်ငံဘက်မှ အကြောင်းမပြန်သေး
Published 7 September 2018

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် တရုတ်တစ်ရှူးငှက်ပျောခင်းများအတွက် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကား ၂၅ စီးကိစ္စ တရုတ်နိုင်ငံဘက်မှ အကြောင်းမပြန်သေးကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

ယင်းကားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်သည့်အဖွဲ့က သြဂုတ် ၂ ရက်တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ တရားမဝင်ကား ၂၅ စီးကိစ္စကို အစိုးရအဖွဲ့က စုံခုံဖွဲ့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက “ကျွန်တော်တို့ ကန်ပိုင်တည်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ဖမ်းတာ ၃၁ စီးပါ။ တရားဝင် ခြောက်စီးပါတယ်။ ကျန် ၂၅ စီးက တရားမဝင်ပေါ့။ အဲဒီမှာ မြေသြဇာအိတ်က ၂၃၂၄၁အိတ်၊ အရည်ပုံးက ၁၀၈၀၊ အမှုန့်တစ်အိတ်ပါတယ်။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအားလုံး ၂၅ မျိုး စိုက်ပျိုးရေးဆက်စပ်ပစ္စည်းက ၂၇ မျိုးပေါ့။ အခုသိုလှောင်ထားတယ်။ ဓာတ်ခွဲခန်းကိုလည်း ပို့ထားပြီ။ အဖြေတော့ မထွက်သေးဘူး။ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ဆေးနေတယ်။ တစ်ဖက်နိုင်ငံကို အကြောင်းကြားထားပြီလို့ သိရတယ်။ ဘယ်အကြောင်းအရာကို အဓိကပြောဆိုတယ် ဆိုတာကိုတော့ မသိရဘူး။ တရားမဝင်တာတွေ ဝင်လာရင်တော့ ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်မှာပါ။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာနဲ့ အမြဲယှဉ်တွဲနေထိုင်ပြီး ကုန်သွယ်ရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီပဲ ဆောင်ရွက်စေချင်ပါတယ်။ စုံခုံဖွဲ့ပြီး စစ်ဆေးနေပါပြီ။ ဘယ်လိုရောက်လာသလဲဆိုရင် မှောင်ခိုလမ်းကြောင်းတွေကနေ ရောက်လာတာလို့ပဲ ပြောလို့ရပါသေးတယ်။ လမ်းဂိတ်တွေကို ဘယ်လိုကျော်လာသလဲတော့ ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (BLO- Border Liaison Office) မှတစ်ဆင့် အဆက်အသွယ် လုပ်ထားပြီး ဝင်လာသည့် ကားအရေအတွက်၊ ဘာတွေသယ်လာသည်၊ အရေအတွက် ဘယ်လောက်ဖြစ်သည် ဆိုသည်ကို တရားဝင် မေးမြန်းထားကြောင်း ပြောကြားသည်။

ယင်းကားများသည် မြန်မာ-တရုတ် ကန်ပိုင်တည်နယ်စပ်ဂိတ်ကို (အပေါ်လမ်း) မှောင်ခိုလမ်းဖြင့် ကျော်ဖြတ်လာပြီးနောက် လမ်းကြောင်းတစ်ခုတည်းသာရှိသည့် နယ်ခြားစောင့်တပ်ရင်းဂိတ်၊ ဆဒုံးမြို့အဝင် ဂိတ်ကြီးများနှင့် ဂိတ်ငယ်အချို့ကို ဖြစ်ကျော်လာခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ကန်ပိုင်တည်နယ်စပ် မှောင်ခိုလမ်း (ဒေသအခေါ် အပေါ်လမ်း) မှ ဝင်ရောက်နေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး မြန်မာနိုင်ငံမှ ကျွဲနွားမှောင်ခိုလည်း ယင်းလမ်းမှ ဖြတ်သန်းနေခြင်းဖြစ်ကြောင်း၊ ကယ်ရီမောင်းခအဖြစ် ၁၅ သိန်းမှ ၂၅ သိန်း အထိရှိပြီး လမ်းကြောင်းတစ်လျှောက် ဂိတ်များကို ပစ္စည်းပိုင်ရှင်များက ရှင်းလင်းနေရကြောင်း မှောင်ခိုလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ တရုတ်နိုင်ငံဘက်တွင် မြန်မာနိုင်ငံသားအများစု လုပ်ကိုင်နေသည့် ကုန်တင်လုပ်ငန်းများ၊ စက်ရုံများ၊ လုပ်ငန်းများတွင် ဆီးစစ်မှုများ လုပ်ဆောင်နေပြီး အချို့သောသူများမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိသော်လည်း ဆီးစစ်ဆေးရာတွင် တွေ့ရှိသည်ဆိုကာ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းကျော်ရှိနေပြီး ယင်း စိုက်ပျိုးမှုအတွက် ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ သယ်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။

Most Read

Most Recent