ရိုက်တာသတင်းထောက် နှစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ တိတ်ဆိတ်နေမှုကို ရိုက်တာဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကာကွယ်ပြောကြား

ရိုက်တာသတင်းထောက် နှစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ တိတ်ဆိတ်နေမှုကို ရိုက်တာဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကာကွယ်ပြောကြား
Published 4 September 2018

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

ရိုက်တာသတင်းထောက် နှစ်ဦးအား ထောင်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာက ပြင်းထန်စွာ ဝေဖန်မှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံ၏ အရပ်သား အစိုးရအဖဲွဲ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ ပြောကြားခြင်း မပြုဘဲ တိတ်ဆိတ်နေမှုကို မြန်မာနိုင်ငံဘက်က စက်တင်ဘာ ၄ ရက်တွင် ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝလုံး (၃၂ နှစ်) နှင့် ကျော်စိုးဦး (၂၈ နှစ်) တို့သည် လွန်ခဲ့သည့်နှစ်က ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်အား တပ်မတော်က မောင်းထုတ်ခဲ့မှုအတွင်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့်အကြောင်း သတင်းရယူရန် ကြိုးပမ်းစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရားရုံးတစ်ခုက ၎င်းတို့သည် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအောက်၌ အပြစ်ရှိကြောင်း တွေ့ရှိသည် ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သောကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အပြင် မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့များက ဒေါသထွက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး သူ၏ဒုက္ခများကို အထူးပြုဖော်ပြရန် ပြည်ပမီဒီယာများကို အားကိုးခဲ့ရသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာ တစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ်က အကြမ်းဖက်မှုများကို တားဆီးရေးအတွက် သူ၏ကိုယ်ကျင့်တရားဆိုင်ရာ အာဏာကို အသုံးပြုရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး မြန်မာဗိုလ်ချုပ်များအား လူမျိုးတုံး သတ်ဖြတ်မှုအတွက် တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍ အပြင်းထန်ဆုံး စမ်းသပ်မှု ဖြစ်သည့် ရိုက်တာသတင်းထောက် နှစ်ဦး၏ အမှုနှင့် စီရင်ချက်တို့အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တိတ်ဆိတ်နေမှုသည် သူ၏ဂုဏ်သတင်း ကျော်စောမှုကို ထပ်မံ၍ပင် ပျက်စီးစေသည် ဟုဆိုသည်။

ရိုက်တာသတင်းဌာနမှ ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ အစိုးရအဖွဲ့၌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်နေသော ဦးအောင်လှထွန်းက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှုနှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့သည်။

“တရားစီရင်ရေးစနစ်ကို ဝေဖန်တာဟာ တရားရုံး မထီမဲ့မြင်မှု မြောက်ပါတယ်။ ဒါမျိုး သူလုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဦးအောင်လှထွန်းက ဒေါ်အောင်ဆန်းစုကြည်အား ကာကွယ်ပြောကြားခဲ့သည်။

ဖွင့်ချပြောဆိုသော ရဲအရာရှိတစ်ဦးက သတင်းထောက်များသည် ရဲအဖွဲ့၏ ထောင်ချောက်ဆင်ခြင်း ခံရကြောင်းနှင့် ၎င်းတို့ဖမ်းဆီးမခံရမီ ညစာစားစဉ် စာရွက်စာတမ်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံများဘက်မှ ချေပချက်ကို ထောက်ခံပြောကြားခဲ့သည်။ သို့သော် တရားသူကြီးက အဆိုပါရဲအရာရှိ၏ ထွက်ဆိုချက်ကို လျစ်လျူပြုခဲ့သည်။

အမှုစစ်ဆေးမှု လုပ်ငန်းစဉ်သည် ရှည်လျားပြီး နှစ်ချီ၍ မဟုတ်ဘဲ လနှင့်ချီလျက် ကြာနိုင်သော်ငြားလည်း သတင်းထောက်နှစ်ဦး၏ ရှေ့နေများက ယခုစီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် မဟာမိတ်ဖြစ်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် သတင်းထောက် နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော်လည်း လတ်တလော ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ဖွယ် မရှိဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဧပြီလအတွင်းက နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်၍ရသော လူပေါင်း ၃၆ ဦး အပါအဝင် စုစုပေါင်း လူပေါင်း ၈၅၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း ယခု ရိုက်တာသတင်းထောက်နှစ်ဦး အပါအဝင် လူပေါင်း ၂၀၀ ခန့်သည် နိုင်ငံရေး လှုပ်ရှားမှုများနှင့် ဆက်နွှယ်သော ရုံးတင်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

တစ်ချိန်က ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ခဲ့သူများသည် ယခုအထိ ရိုက်တာသတင်းထောက်များ၏ ဒုက္ခအပေါ် ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ပတ်သက်၍ အံ့သြတုန်လှုပ်ခဲ့ရသည်ဟု ဆိုသည်။

ရိုက်တာသတင်းထောက် နှစ်ဦးအား ရုံးတင်စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှစ်ဦးသည် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဂျပန်အသံလွှင့်ဌာနဖြစ်သော NHK ကို ပြောကြားခဲ့မှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက စီရင်ချက်အပေါ် ကြိုတင်သက်ရောက်နိုင်ခြေ ရှိသည်ဟုဆိုကာ  ဝေဖန်ခဲ့ကြသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ဘုတ်အဖွဲ့ကို ယုံကြည်မှုရှိခဲ့ပြီး အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည့် အမေရိကန်သံတမန် ဘီရစ်ချက်ဆင်က ယခုနှစ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားများခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက် နှစ်ဦးအား သစ္စာဖောက်များအဖြစ် ရှုတ်ချခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ယခုအမှုသည် အနောက်တိုင်းအား တုန်လှုပ်စေခဲ့သော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အရေးကြီးသည့်တိုင် ပြည်တွင်း၌ လူအများ အာရုံစိုက်မှု နည်းပါးသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

သတင်းထောက်များအား ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်း၌ တုံ့ပြန်မှုများသည် ရောထွေးလျက် ရှိသည်ဟု ဆိုသည်။

ပြည်တွင်းရှိ အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားသော မီဒီယာများက စီရင်ချက် အကြောင်းမျှလောက်ကိုသာ ဖော်ပြခဲ့သော်လည်း အခြားသတင်းစာများက သတင်းထောက်များဘက်မှ တညီတညွတ်တည်း ရပ်တည်ခဲ့ကြသည် ဟုဆိုသည်။

မကြာသေးမီကမှ အွန်လိုင်းသုံးစွဲခွင့် ရခဲ့သော မြန်မာနိုင်ငံတွင် လူများစွာတို့အတွက် အဓိက သတင်းရင်းမြစ် ဖြစ်နေသည့် Facebook တွင် မှတ်ချက်များသည် သတင်းထောက်များကို ဆန့်ကျင်မှုက လွှမ်းမိုးနေပြီး သတင်းထောက်များအား ဘက်လိုက်သည်ဟု စွပ်စွဲလျက် အချို့ဆိုလျှင် ပို၍ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန်ပင် တောင်းဆိုနေကြသည်။

ရန်ကုန်မြို့လယ်ရှိ အွန်လိုင်းမဟုတ်သော လက်တွေ့ဘ၀ ပြင်ပ၌မူ သတင်းထောက်များအပေါ် စာနာမှုကို အွန်လိုင်းမှာထက်ပို၍ အလွယ်တကူ တွေ့ရှိနိုင်သည် ဟုဆိုသည်။

“ဂျာနယ်လစ်တွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သမ္မတက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသက်အောင်ထိုက်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent