အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်တက်လာခြင်းကြောင့် ဒေါ်လာပြန်မာလာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၄၀ အထိပြန်တက်

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်တက်လာခြင်းကြောင့် ဒေါ်လာပြန်မာလာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၄၀ အထိပြန်တက်
Published 2 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေးကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုအရှိန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးပြန်မာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၄၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ဒသမ ၃၆  ပွိုင့်အထိ ကျဆင်းခဲ့သော်လည်း အမေရိကန်က တရုတ်ကို သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမှုသတင်းနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးဈေး ကွက် မရေရာမှုများဖြစ်ပေါ်လာခြင်းကြောင့် ဒေါ်လာဈေးအညွှန်းကိန်းသည် ၉၅ ပွိုင့်အထက်ပြန်ရောက်ပြီး ၉၅ ဒသမ ၀၅ ပွိုင့်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့သည်။

တရုတ်သွင်းကုန် ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးကို အမေရိကန်က စက်တင်ဘာ ၅ ရက် တွင်အခွန်ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး လတ်တလောတွင် တူရကီနှင့် အာဂျင်တီးနားငွေကြေးတန်ဖိုးများ ကျဆင်းမှုဒဏ်၏ သက်ရောက်မှုကြောင့် နိုင်ငံတကာငွေကြေးတန်ဖိုးများ မတည်မငြိမ် ဖြစ်ပေါ်နေသည်။ လာမည့်တစ်ပတ်တွင် အမေရိကန်က တရုတ်ကို သွင်းကုန်ခွန်အမှန် တကယ်ကောက်ခံဖြစ်ပါက ဒေါ်လာဈေး မြင့်တက်လာဖွယ်ရှိပြီး မြန်မာကျပ်ငွေအပါအဝင် နိုင်ငံတကာငွေကြေးတန်ဖိုးများ အတက်အကျ ပြင်းထန်စေဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်တပတ်အတွင်း ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းလာသော်လည်း မြန်မာ ကျပ်ငွေတန်ဖိုးသည် ထိုင်းဘတ်၊ တရုတ် ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့်နှိုင်းယှဉ်ပါက ဆက်လက်အားပျော့နေဆဲဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး စံချိန်တင်ဈေးနှုန်းများဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် အမြင့်ဆုံးစံချိန်တင်ထားသည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀ အထိ ပြန်တက်ခဲ့ကာ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၁၅၄၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၅၇၀ ကျပ်နှင့်နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၂၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာပြန် လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အ မြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက်အများဆုံးဖြစ်ခဲ့သည်။ သြဂုတ် ၃၁ ရက် တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၅၁၂ ကျပ်ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၀ ကျပ်၊ ထိုင်းဘတ် ၄၇ ကျပ်၊ တရုတ်ယွမ် ၂၂၂  ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၈၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

Most Read

Most Recent