၂၀၁၈ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု (UEFA President's Award) အတွက် ရွေးချယ်ခြင်းခံရ၍ ဂုဏ်ယူကြောင်း ဒေးဗစ်ဘက်ခမ်း ပြောကြား

၂၀၁၈ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု (UEFA President's Award) အတွက် ရွေးချယ်ခြင်းခံရ၍ ဂုဏ်ယူကြောင်း ဒေးဗစ်ဘက်ခမ်း ပြောကြား
Published 22 August 2018

Photo: Getty Images

အင်္ဂလန်ဂန္ထဝင် ဒေးဗစ်ဘက်ခမ်းက ၂၀၁၈ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု (UEFA President's Award) အတွက် ရွေးချယ်ခြင်းခံရ၍ ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

အသက် (၄၃)နှစ်အရွယ်ရှိ ဘက်ခမ်းသည် ကစားသမားဘ၀ အောင်မြင်မှု၊ လူသားအကျိုးပြုဆောင်ရွက်မှုနှင့် ဘောလုံးလောကတိုးတက်ရေးဆောင်ရွက်မှုများအတွက် အခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်ပြီး၊ ဆုကို ယခုနှစ်အကုန်ပိုင်း မိုနာကိုတွင် ကျင်းပမည့် ဆုပေးပွဲ၌ လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

ဒေးဗစ်ဘက်ခမ်းက "ကစားသမားဘဝတစ်လျှောက် အသင်းအတွက် (၁၀၀)ရာခိုင်နှုန်း ပေးဆပ်ခဲ့တာပါ။ ဒီဆုကို အရင်က ရရှိခဲ့ကြတဲ့ ကမ္ဘာကျော်ကစားသမားတွေနဲ့အတူ ကျွန်တော့်ရဲ့နာမည်ပါဝင်ခွင့်ရခဲ့လို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်မှာ မေ့မရနိုင်တဲ့အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က ဘာစီလိုနာမြို့မှာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူခဲ့တာမျိုးတွေပေါ့"ဟု ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်းသည် ကလပ်ကစားသမားဘဝတွင် မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ PSG၊ LA Galaxy အသင်းတို့နှင့် အောင်မြင်မှုများ ရယူနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၁၁၅)ပွဲအထိ ပါဝင်ကစားခဲ့သူ ဖြစ်သည်။

ဘက်ခမ်းသည် ဘောလုံးကွင်းပြင်ပတွင် လူသားအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေပြီး UNICEF နှင့် ပူးပေါင်းကာ ကမ္ဘာ့တစ်ဝန်းမှ ကျန်းမာရေးချို့ယွင်းနေသည့်ကလေးငယ်များအတွက် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆယ်ဖာရင် (Photo: Getty Images)

ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆယ်ဖာရင်က "ဥက္ကဋ္ဌဆုဟာ ထူးချွန်တဲ့အောင်မြင်မှုတွေ၊ ပရော်ဖက်ရှင်နယ်အဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေ၊ စံနမူနာယူထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူတွေကို ရွေးချယ်ပေးတဲ့ ဆုဖြစ်ပါတယ်။ ဒီနှစ်အတွက် ဘက်ခမ်းကို ကျွန်တော် ရွေးချယ်ထားပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ဘောလုံးရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဖြစ်တယ်။ ဘောလုံးကို လူတွေ စိတ်ဝင်စားလာအောင် ကြိုးစားပေးခဲ့တယ်။ သူရဲ့ မမောမပန်းကြိုးစားမှုက ကမ္ဘာပေါ်က ကလေးတွေပေါင်းများစွာရဲ့ ဘဝတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဘက်ခမ်းဟာ သူ့မျိုးဆက်မှာတော့ တကယ်စစ်မှန်တဲ့ ဘောလုံးအကျော်အမော်တစ်ဦး ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု (UEFA President's Award)ကို ၁၉၉၈ ခုနှစ်မှ စတင်ကာ ဘောလုံးသမားဟောင်းများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၉၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၁၇ ခုနှစ်က ယင်းဆုကို ရရှိခဲ့သူမှာ အီတလီနှင့် ရိုးမားအသင်းတို့၏ ဂန္ထဝင်ကစားသမား တော့တီဖြစ်ပြီး နာမည်ကြီးကစားသမားများဖြစ်သည့် ဘော်ဘီရော့ဘ်ဆင်၊ ဘက်ကင်ဘောင်ဝါ၊ ယိုဟန်ခရိုက်ဖ်၊ အူဆီဘီယို၊ ဘော်ဘီချာလ်တန် စသည့်ကစားသမားများလည်း ဆုရရှိခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent