ရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပုံမှန် ဆောင်ရွက်နေသည့် ကျန်းမာရေး ပြုစုကုသမှုများအပြင် မျိုးဆက်ပွား ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများပါ ထည့်သွင်း လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား

ရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပုံမှန် ဆောင်ရွက်နေသည့် ကျန်းမာရေး ပြုစုကုသမှုများအပြင် မျိုးဆက်ပွား ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများပါ ထည့်သွင်း လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
Published 21 August 2018

ကရင်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းတစ်ဦးက လုပ်ဆောင်နေစဉ်

ရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပုံမှန် ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက် ပြုစုကုသမှုများအပြင် မျိုးဆက်ပွား ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများပါ ထည့်သွင်း လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သြဂုတ်၂၀ ရက်က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် တတိယပတ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြောင်း နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ကရင်ပြည်နယ် ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများကို လာရောက် စစ်ဆေးစဉ် အဆိုပါ စခန်းများတွင် လာရောက် ခိုလှုံနေသော သားသမီး မီးဖွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီးများအတွင်း မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ကလေးငယ်များကို အာဟာရစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ပုံမှန် ဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်ပြုစု ကုသမှုများ၊ ကျန်းမာရေးပညာပေးမှုများ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများအပြင် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်ရှိ ရေဘေး ကယ်ဆယ်ရေးစခန်း ၆၅ ခုတွင် ယာယီ ခိုလှုံနေသော အိမ်ထောင်စုပေါင်း ၄၄၇၉၊ လူဦးရေပေါင်း ၂၂၄၂၂ ရှိ သည့်အနက်မှ သားသမီး မီးဖွားနိုင်သော အသက်အရွယ် အုပ်စုရှိ အမျိုးသမီး ၃၉၀၉ ဦးကို မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေး ပညာပေးခဲ့ပြီး ထိုအမျိုးသမီးများအနက်မှ ၁၇၃၇ ဦးကို သားဆက်ခြား နည်းလမ်း တစ်မျိုးမျိုးဖြင့် သားဆက်ခြားနိုင်စေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရေဘေးကယ်ဆယ်ရေး စခန်းများရှိ အသက် ငါးနှစ်အောက် ကလေးငယ်ရှိသော မိခင်/အုပ်ထိန်းသူပေါင်း ၁၆၁၂ ဦးကို အာဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးခဲ့ပြီး ငါးနှစ်အောက် ကလေးငယ် စုစုပေါင်း ၁၆၀၇ ဦးကို အရပ်အမြင့် တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ လက်မောင်း လုံးပတ်တိုင်းခြင်း စသည့်နည်းလမ်းများဖြင့် စစ်ဆေးပေးခဲ့ရာ ထိုသို့ စစ်ဆေးပေးခဲ့သည့် ကလေးငယ်များအနက်မှ လတ်တလော အတော်အတန် အာဟာရချို့တဲ့သည့် ကလေးငယ် ၃၂ ဦးနှင့် လတ်တလော ပြင်းထန် အာဟာရချို့တဲ့သည့် ကလေးငယ် ၁၃ ဦးတို့ကို အသင့်စား အာဟာရဖြည့်စွက်အစာများ ကျွေးမွေးကုသခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသက် ငါးနှစ်အောက် ကလေးငယ်များအတွက် Sprikle Powder များဖြန့်ဝေ၍ ကျွေးမွေးစေခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ရေဘေးအန္တရာယ် ကင်းရှင်းသွားချိန်တွင်လည်း မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာများအတွင်း မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်၍ အရှိန်မြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent