နည်းပြ စပယ်လက်တီအား အင်တာမီလန်အသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို

နည်းပြ စပယ်လက်တီအား အင်တာမီလန်အသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို
Published 15 August 2018

Photo: Inter Milan FC Twitter

အင်တာမီလန်အသင်းသည် နည်းပြစပယ်လက်တီအား အသင်းတွင် ၂၀၂၁ ခုနှစ်ရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အသက် (၅၉)နှစ်အရွယ်ရှိ စပယ်လက်တီသည် အင်တာမီလန်အသင်းကို ပြီးခဲ့သည့်ရာသီက စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးထားသူ ဖြစ်သည်။

သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အသင်းပိုင်ရှင်များကို ကျေးဇူးတင်ကြောင်းနှင့် အသင်းအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အင်တာမီလန်နည်းပြ စပယ်လက်တီက ပြောကြားခဲ့သည်။

စပယ်လက်တီက "ကျွန်တော့်ကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အတွက် အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းနဲ့ပူးပေါင်းပြီး အောင်မြင်မှုတွေရရှိအောင် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ။ ဒီအတွက် သံသယရှိစရာ မလိုပါဘူး"ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် နိုင်ဂိုလန်၊ လော်တာရိုမာတီနက်ဇ်၊ ဒီဗရိုင်း၊ ဗာဆယ်လ်ကို၊ ဘယ်လ်ဒီ၊ ပိုလာတီနို၊ အဆာမို၊ ဒီမာကို စသည့် ကစားသမား(၈)ဦးအထိ ခေါ်ယူထားပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ကိုလည်း ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အင်တာမီလန်အသင်းနည်းပြ စပယ်လက်တီကလည်း ရီးယဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ မိုဒရစ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော် မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

စပယ်လက်တီသည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်းကို ပြိုင်ပွဲစုံ ပွဲပေါင်း (၄၀)ကိုင်တွယ်ခဲ့ရာတွင် ပွဲ(၂၀)နိုင်၊ (၁၃)ပွဲသရေ၊ (၇)ပွဲရှုံးရလဒ် ရရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်းမှာ (၅၀)ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent