ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာနိုင်
Published 14 August 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းစိန်မြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက အခုလက်ရှိထက် နည်းနည်းလေး ပိုအားကောင်းလာနိုင်တဲ့ အခြေအနေရှိတယ်။ လက်ရှိကမ်းစပ်နားမှာ ဖြစ်နေတယ်။ အချို့မော်ဒယ်တွေမှာတော့ အောက်ကို နည်းနည်းလေး ပြန်ဆင်းလာနိုင်တယ်လို့ ခန့်မှန်းကြတယ်။ အချို့မော်ဒယ်တွေမှာကျတော့ ၁၅ ရက်မှာ တစ်ခါတည်း ကမ်းဝင်သွားမယ့် အနေအထားရှိတယ်။ ဒါပေမဲ့ ကမ်းကို ဒီနေ့မဝင်ဘဲနဲ့ အောက်နည်းနည်းပြန် ဆင်းလာရင်တော့ မုန်တိုင်းငယ်အဖြစ်တော့ ရောက်နိုင်တယ်။ ဒီတိုင်းပဲ အပေါ်ကို တက်သွားရင်တော့ လေဖိအားနည်းရပ်ဝန်းအနေနဲ့ ကမ်းကိုဖြတ်သွားမယ့် အနေအထားရှိတယ်။ သူကကုန်းပေါ်ကနေ ဆင်းလာတာဖြစ်တယ်။ လောလောဆယ်မှာတော့ ကုန်းတစ်ဝက် ရေတစ်ဝက်မှာ ရှိနေတယ်” ဟု ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၁၃ ရက် ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်တွင် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံဘက်ထဲမှာတော့ မုတ်သုံလေအား အလွန်ကောင်းနေတဲ့အတွက်ကြောင့်မို့လို့ ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ နေရာကွက်မိုးကြီးတာတို့ ဒေသအလိုက် မိုးကြီးတာတို့ ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့မှာ မိုးသက်လေပြင်းကျတဲ့အခါ တစ်နာရီကို လေတိုက်နှုန်းက မိုင်လေးဆယ်လောက်အထိ ရှိနိုင်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်။ မုတ်သုံလေအားကောင်းနေမည်ဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

Most Read

Most Recent