ကျောင်းကုန်းမြို့အနီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး ကွယ်လွန်

ကျောင်းကုန်းမြို့အနီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး ကွယ်လွန်
Published 14 August 2018

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် မမီးမီး

ကျောင်းကုန်းမြို့အနီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး ကွယ်လွန်ခဲ့ကြောင်း ပုသိမ်မြို့ ၈၈ ငြိမ်းပွင့်အဖွဲ့မှ ဦးစိုးလှိုင်ဦးက ပြောကြားသည်။

ကျောင်းကုန်းမြို့အပြင် ဂွတ်ဘရားသား ဆီဆိုင်နေရာအနီးတွင် သြဂုတ် ၁၃ ရက် ယနေ့ ညနေ ၄ နာရီခွဲခန့်၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ပါဝင်သော မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ပေါ် ပါဝင်လိုက်ပါသူ မမီးမီး (ခ) မသင်းသင်းအေးမှာ အသက်ဆုံးပါးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အပါအဝင် ခေါင်းဆောင် ရှစ်ဦးမှာ ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက်ရှိ ကဗျာဆရာ ဦးအောင်ပွင့်၏ဇနီး နာရေးသို့ လာရောက်အားပေး ကူညီခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာစဉ် ကျောင်းကုန်းမြို့အနီးတွင် လမ်းချော်၍ မော်တော်ယာဉ် တိမ်းမှောက်ရာမှတဆင့် မမီးမီးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ မမီးမီးအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာစဉ် လမ်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကားစလစ်ဖြစ်ပြီးတော့ ရမ်းပြီးတော့ လဲတာပေါ့၊ လဲတော့ မမီးက နောက်ထိုင်နေရာက မှန်ကို ခေါင်းနဲ့ရိုက်မိပြီးတော့ ကိုယ်လုံးက အပြင်ကို ထွက်သွားတယ်။ သူထွက်တဲ့ဖက်ကို ကားလဲက လိုက်လဲတော့ သူ့ကိုပိမိတာ။ အစ်ကိုလည်း ပါသွားတယ်။ ကျောင်းကုန်းအကျော် ဂွတ်ဘရားသားနားမှာ ဖြစ်တာ။ မမီးကတော့ ဆုံးသွားပြီ။ အခြားသူတွေကတော့ အန္တရာယ်မရှိပါဘူး ”ဟု ဦးစိုးလှိုင်ဦးက ပြောကြားသည်။

တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်အမျိုးအစားမှာ တိုယိုတာ NOAH ငွေရောင်ဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ် တိမ်းမှောက်ရာတွင် ပါဝင်သူများကို ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာကြောင်း ပုသိမ်မြို့ ၈၈ ငြိမ်းပွင့်အဖွဲ့မှ ဦးစိုးလှိုင်ဦးက ပြောကြားသည်။

Most Recent