နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်
Published 12 August 2018

နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

“ သြဂုတ်လမှာ ဘင်္ဂလားပင်လယ်အော် မှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကိုတော့ မဝင်ရောက်ဘူး။ ဒါက မိုးတော့ပေးမယ်။ အခုဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းတွေမှာဖြစ်တဲ့ လေဖိအားနည်း ရပ်ဝန်းတွေကတော့ ရှမ်းပြည်အထိ မိုးမပေးဘူး။ အဲဒါကြောင့် သံလွင်မြစ်ဘက်ကို မစိုးရိမ်ရဘူး။ သူက ပေးမှာက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွေကိုပေးမှာ၊ ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းအောက်ပိုင်း အဲဒီလိုနေရာတွေ မိုးပေးမှာ၊ အဲဒီလိုမိုးပေးတဲ့အတွက် ချင်းတွင်းမြစ်ရ နေရေဆင်းမယ်။ ရခိုင်ပြည်နယ်ဆိုရင်လည်း ကုလားတန်မြစ်ပေါ့၊ ဒီကောင်တွေက ရေပြန်ကြီးလာမယ်။ အခုလေဖိအားနည်းဖြစ်ရင် စစ်တောင်းမြစ်ဝှမ်းပေါ်မှာလည်း သွားရွာမယ်။ သွားရွာတော့ ရွှေကျင်တို့၊ မဒေါက်တို့ ရေတွေက ပြန်တက်လာနိုင်တယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့်ထက် မကျော်ဘူး။ မုန်တိုင်းအဆောက်အအုံကြီးရင်တော့ မိုးပမာဏများနိုင်တယ်”  ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

သြဂုတ် ၁၂ ရက်တွင် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

Most Read

Most Recent