မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲကြောင့် ဗန်းမော်အောက်ချောင်းဒေသခံ ၂၀၀၀ ကျော် ဗန်းမော်နှင့် အခြားဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေရ

မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲကြောင့် ဗန်းမော်အောက်ချောင်းဒေသခံ ၂၀၀၀ ကျော် ဗန်းမော်နှင့် အခြားဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေရ
Published 27 February 2024

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲကြောင့် ဗန်းမော်အောက်ချောင်းဒေသခံ နှစ်ထောင်ကျော် ဗန်းမော်နှင့် အခြားဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများနှင့် ထွက်ပြေးလာသူများထံက သိရသည်။

စစ်ရှောင်အများစုမှာ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဆွေမျိုးများအိမ်တွင် ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်ကြောင်း ကူညီနေသူများက ဆိုသည်။

“ဗန်းမော်ဘက်ပြေးတာက တစ်ထောင်ကျော်မယ်။ အခုထိကြိုပို့လုပ်ငန်းတွေ လုပ်နေရတုန်းပဲ။ မံသာမှာက ၇၀၀ ကျော်မယ်။ ဗန်းမော်ကိုက တစ်ထောင်ကျော်မှာပေါ့။ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအိမ်အများဆုံးပဲ။ ကျေးရွာက ၁၀ ရွာကျော်မယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြေးတော့ လူဦးရေက မမှန်ဘူးပေါ့။ အသေအပျောက်ကြားပေမဲ့ ဒီရွာတွေအထိ ကျွန်တော်တို့က ဝင်လို့မရဘူး” ဟု ဆိုသည်။

KIA၊ PDF၊ AA ပူးပေါင်းအဖွဲ့များက စီခမ်းကြီးကျေးရွာ တပ်မတော်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာတွင် နေရာအနှံ့မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးအပါအဝင် အမျိုးသမီးငါးဦး၊ အမျိုးသားသုံးဦး စုစုပေါင်းရှစ်ဦးအထိ သေဆုံးခဲ့ပြီး ဆယ်နှင့်ချီသည့်ဒဏ်ရာရရှိသူများကို ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောကြားသည်။

စီခမ်းကြီးဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာက ပျက်သွားပြီ။ ကျွန်တော့်အိမ်ပါသွားတယ်။ လျှပ်တစ်ပြက် ဝင်စီးတော့ ရွာသားက ရှောင်တိမ်းချိန်ကို မရဘူး။ အင်အားတွေက များတာကို။ အမျိုးတွေထဲကလည်း သေထားခဲ့ကုန်တာပေါ့။ ရွာသားတွေက အားလုံးကို ကြောက်နေတာ။ အခြားရွာတွေလည်း လက်နက်ကိုင်အဖွဲ့တွေဝင်တော့ ပြေးကုန်တာ။ စီခမ်း၊ မက်လင်၊ ခါချဉ်၊ သံတံတား၊ လော်ခိုင်၊ စီကော်၊ မွန်ဆင့်၊ ပန်းသိုင်းပြေးကြတာ။ တချို့လည်း အိမ်စောင့်လောက်တော့ ချန်ထားရတာပေါ့။ ပြေးဆိုတော့ အဝတ်အစားတော့ ယူတာပေါ့။ စားစရာ ဘယ်လိုသယ်မလဲ။ မကြာစေဖို့ပဲ ဆုတောင်းနေရတယ်။ ကြာရင် ဒီမှာယူလာတဲ့ငွေကုန်မယ်။ မလုပ်စားတတ်ဘူး” ဟု ပြောကြားသည်။

စစ်ရှောင်လာသူများကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များက တတ်နိုင်သမျှကူညီနေပြီး အစားအသောက်၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများမှာ အခက်အခဲဖြစ်နေကြောင်း ထွက်ပြေးတိမ်းရှောင်သူများက ဆိုသည်။

Most Read

Most Recent