လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသော အသက် ၇၀ ကျော် အဘွားအိုတို့အား ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး တရားလိုကို ဆက်လက်စစ်ဆေး

လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသော အသက် ၇၀ ကျော် အဘွားအိုတို့အား ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး တရားလိုကို ဆက်လက်စစ်ဆေး
Published 10 August 2018

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအား သြဂုတ် ၉ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံး ရုံးထုတ်၌ တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေ ကျေးရွာအနီးတွင် တည်ဆောက်လျက် ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအား သြဂုတ် ၉ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါ ရုံးချိန်းများအနက် လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသည့် အသက် ၇၀ ကျော်အရွယ် အဘွားအိုတို့ကို သြဂုတ် ၉ ရက် မွန်းလွဲပိုင်း၌ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ပြီး တရားလိုဖြစ်သူ ကျေးလက် လမ်းတံတားဦးစီးဌာနမှ ဒေါ်မင်းမင်းမြင့်အား ဆက်လက် စစ်ဆေးခဲ့သည်။ ထိုသို့ ရုံးထုတ်ခဲ့ပြီး လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးက မြို့နယ်တရားသူကြီးထံ အာမခံ လျှောက်ထားရာ အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ အာမခံမရတဲ့အတွက် ဝမ်းနည်းပါတယ်။ ကျွန်မတို့က ဘာမှ အပြစ်ကျူးလွန်ထားတာ မဟုတ်သလို လူသတ်မှု ကျူးလွန်ထားကြသူတွေလည်း မဟုတ်ပါဘူး။ ကျွန်မ အမေဆိုရင် အသက်က ၉၀ ရှိနေပါပြီ။ ကျွန်မ ပြုစုပေးနေရတာပါ။ ယောကျ်ားဖြစ်သူကလည်း လေဖြတ်နေတော့ မသွားနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အာမခံပေးပါလို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေကိုလည်း တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ အာမခံနဲ့ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် လုပ်ဆောင်ပေးကြပါလို့ တောင်းဆိုပါတယ်”ဟု လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေါ်မြနှင့် ဒေါ်မြမြတို့က ဆိုသည်။

သြဂုတ် ၉ ရက်က ချိန်းဆိုသည့် ရုံးချိန်းများတွင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ စီမံကိန်းအတွက် ဖောက်လုပ်မည့် လမ်းမြေပေါ်သို့ ကျူးကျော် ခြံခတ်သည်ဟု ဆိုကာ လမ်းတံတား ဥပဒေ ပုဒ်မ ၂၂၊ ၂၃ အပါအဝင် ကုမ္ပဏီဘက်မှ ရွာသားများကို လမ်းပိတ်ဆို့မှုဖြင့် စွဲဆိုထားသည့် အမှုများကို ရုံးချိန်း ချိန်းဆိုကာ ကုမ္ပဏီဘက်က စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁ (မတရားတားဆီး ကန့်ကွက်မှု)၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းတံတားဦးစီးဌာနမှ တရားလို ဒေါ်မင်းမင်းမြင့်က လမ်းနှင့် တံတားများ ဥပဒေပုဒ်မ ၂၂၊ ၂၃ (တိုင်းဒေသကြီး ဒေသန္တရဥပဒေ) တို့ဖြင့် စွဲဆိုထားသည့် အမှုများ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁ နဲ့ စွဲဆိုထားတဲ့ အမှုနှစ်မှုမှာ တရားလိုဘက်က သက်သေ လေးယောက်ကို စစ်ဆေးပါတယ်။ နောက်တစ်ခုက မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေ ပုဒ်မ ၂၂၊ ၂၃ နဲ့ စွဲဆိုထားတဲ့ အမှုမှာ တရားလို ဒေါ်မင်းမင်းမြင့်ကို ကျွန်တော်တို့ ပြန်လှန် မေးမြန်း စစ်ဆေးပါတယ်။ စစ်မေးတဲ့အခါမှာ စစ်ဆေးပေါ်ပေါက်ချက်တွေအရ စွပ်စွဲခံထားရတဲ့ ဦးသိန်းပိုင်နဲ့ ဒေါ်မြမြ နှစ်ဦးတို့ကို ကျင့် ၄၉၇ (၁) ခြွင်းချက်အရ အာမခံ လျှောက်ထားခဲ့ပါတယ်။ အာမခံ လျှောက်ထားတဲ့အခါမှာ ဒီစွဲဆိုထားတဲ့ ပုဒ်မတွေက အာမခံပေးလို့ မရဘူးလို့ ပြောတယ်။ လက်ခံတယ်။ ဒါပေမဲ့ စွဲဆိုခံထားရတဲ့ တရားခံတွေက အသက်အရွယ် ကြီးရင့်နေတဲ့ သူတွေဖြစ်နေတယ်။ ကျွန်တော်တို့ တရားလိုကို စစ်ဆေးတဲ့အခါမှာ ခိုင်လုံတဲ့ တင်ပြနိုင်ခြင်း မရှိဘူး။ ဒါကြောင့် ၄၉၇ (၁) အရ အာမခံ လျှောက်ခဲ့တာပါ။ ဒါပေမဲ့ တရားသူကြီးကတော့ အာမခံကို ငြင်းပယ်တဲ့ အမိန့်ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ၄၉၇ (၁) ခြွင်းချက်အရ ဥပဒေနဲ့အညီ အာမခံ ဆက်လက်လျှောက်ထားသွားမှာပါ” ဟု ဒေသခံများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးစည်သူက ပြောကြားသည်။

အဆိုပါ လမ်းတံတား ဥပဒေပုဒ်မ ၂၂-၂၃၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရသည့် အောင်သပြေကျေးရွာနှင့် သရက်ကိုင်းကျေးရွာတို့မှ ဒေသခံများ၏ နောက်ထပ် အမှုရုံးချိန်းကို သြဂုတ် ၁၆ ရက်သို့ ပုသိမ်ကြီးမြို့နယ် တရားရုံးက ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent