သြဂုတ်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်

သြဂုတ်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်
Published 9 August 2018

အုတ်ကျင်းဂုန်နီစက်ရုံအတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဝင်ရောက်လေ့လာစဉ် (ဓာတ်ပုံ-ကျော်ကျော်ထွန်း Facebook)

ယခုလဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ ဒုတိယ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

“လောလောဆယ် သင်္ချာပုံစံပြုမော်ဒယ်တွေအရတော့ တွက်ထုတ်ထားတာမှာဖြစ်ဖို့ ရာခိုင်နှုန်း ၂၀၊ ၃၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ဒါပေမဲ့ ဖြစ်လာခဲ့ရင် ၁၀ ရက်ပတ် ခန့်မှန်းချက်ထဲမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်နိုင်တယ်ဆိုပြီး ထုတ်ထားတာ။ သြဂုတ်လထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာတဲ့အခါမှာ အချို့လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းငယ်တွေက မြန်မာနိုင်ငံကို မိုးပေးသလို အချို့ကလည်း မြန်မာနိုင်ငံကို မိုးပေးနေတဲ့ တိမ်တိုက်တွေကို ဆွဲယူသွားတာ ရှိတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မတ်လမှာဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းတောင် မတူဘူး။ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတည်နေရာ သူတို့ရွေ့မယ့် အရွေ့ရယ်၊ ဦးတည်ရာပေါ် မူတည်ပြီးတော့ မိုးရတာမရတာကွာတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင် မိုးရနိုင်တယ်။ မနေ့ကဖြစ်တဲ့ မုန်တိုင်းငယ်ဆိုရင် ဒီဘက်မှာရှိတဲ့ တိမ်တွေကိုပါ ယူသွားတဲ့အတွက် မြန်မာဘက်မှာ မိုးလျော့သွားတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယ ၁၀ ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ကိုးရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ယင်းအပြင် သြဂုတ်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် လေးပေမှ ငါးပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေမှ သုံးပေခန့် မြင့်တက်လာနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် လေးပေမှ ခြောက်ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေမှ သုံးပေခန့် မြင့်တက်နိုင်ကြောင်း သိရသည်။

သြဂုတ် ၆ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပွားခဲ့ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ကာ အိန္ဒိယသို့ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ သက်ရောက်မှု မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent