တီကျစ်ကျောက်မီးသွေးစက်ရုံ တစ်နှစ်တာငှားရမ်းခ ကျပ်သန်းပေါင်း ၁၆၀၀ ကျော် အစိုးရမှရရှိပြီး ဓာတ်အားအသုံးပြုခ ကျပ်သန်းပေါင်း ၂၁၀၀၀ကျော် ပြန်လည်ပေးဆောင်ခဲ့ရဟု သိရ

တီကျစ်ကျောက်မီးသွေးစက်ရုံ တစ်နှစ်တာငှားရမ်းခ ကျပ်သန်းပေါင်း ၁၆၀၀ ကျော် အစိုးရမှရရှိပြီး ဓာတ်အားအသုံးပြုခ ကျပ်သန်းပေါင်း ၂၁၀၀၀ကျော် ပြန်လည်ပေးဆောင်ခဲ့ရဟု သိရ
Published 2 August 2018

တီကျစ်ကျောက်မီးသွေးတွင်းကို တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စုရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို တစ်နှစ်တာငှားရမ်းခ ကျပ်သန်းပေါင်း ၁၆၀၀ ကျော်အစိုးရမှ ရရှိပြီး ဓာတ်အားအသုံးပြုခ ကျပ်သန်းပေါင်းနှစ်သောင်းတစ်ထောင်ကျော်ကို နိုင်ငံတော်အစိုးရမှ ပြန်လည်ပေးဆောင်ခဲ့ရဟု သတင်းရရှိသည်။

Wuxi Hua Guang Electric Power Engineering Co.Ltd မှ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ၂၂ နှစ်တာ နှစ်ရှည်ငှားရမ်းသဘောတူ စာချုပ်စာချုပ်ကို ၂၂-၁၀-၂၀၁၅ တွင် ချုပ်ဆိုခဲ့ပြီး ယခုအခါ (70 MW) မီဂ္ဂါဝပ်ခန့်အထိ ပြန်လည်မောင်းနှင် ဓာတ်အားထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဝူရှီဝါကွမ်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ စာချုပ်အရ အမေရိကန်ဒေါ်လာ ၄၇ သန်းရှိပြီး ပထမအဆင့် ဆောင်ရွက်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ဒုတိယအဆင့် ဆောင်ရွက်ရန် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၂ သန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် အမြဲတမ်း မြန်မာဝန်ထမ်း ဦးရေ ၉၇ ဦး၊ ပြင်ပဝန်ထမ်း ဒေသခံများ ၁၄၅ ဦး၊ တရုတ်ပညာရှင် ၇၉ ဦးရှိကာ မြန်မာတရုတ် စုစုပေါင်း ၃၂၁ ဦးရှိကြောင်း သိရသည်။

“အဓိကတော့ နှစ်ပေါင်း ၂၂ နှစ်ကြာ စာချုပ်ချုပ်ဆိုထားပြီးသား အမေရိကန်ဒေါ်လာ ၄၇ သန်း ရင်းနှီးမြှုပ်နှံတာ ရာခိုင်နှုန်း ၅၀ ကျော် အသုံးပြုပြီးသား နှစ်ပေါင်း ၂၂ နှစ်ကြာ လုပ်ပိုင်ခွင့်ရပြီးသား ဘယ်လိုတွေ တင်ဒါအောင်ခဲ့တယ်ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း မရှိဘူး။ အရင်အစိုးရ လက်ထက်မှာလုပ်ခဲ့တာ NLD အစိုးရအနေနဲ့ ပြန်ပြီးသုံးသပ်သင့်တယ်။ လူထုအတွက် နစ်နာသလား။ တိုင်းပြည်အတွက် အကျိုးရှိသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ။ စက်ရုံလည်မယ်ဆိုတော့ အခု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး EIA အရင်လုပ်ရတယ်။ အဓိကက EIA ဆိုတာ လုပ်ငန်းမစခင် လုပ်ရတဲ့ကိစ္စ စက်ရုံလည်နေတုန်း လုပ်တယ်ဆိုထဲက ပရိုစီဂျာ မှားနေတယ်။ နောက်တစ်ချက်က ဒီစက်ရုံက ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း တီကျစ်စက်ရုံံက ငှားရမ်းခ ကျပ်သန်းပေါင်း ၁၆၀၀ ကျော် ရခဲ့တယ်။ တီကျစ်စက်ရုံက ဓာတ်အားကို မြန်မာနိုင်ငံက ပြန်ဝယ်ရတဲ့ငွေက ကျပ်သန်းပေါင်း နှစ်သောင်းကျော် ပြန်ဝယ်ရတယ်။ အဲဒီက ထွက်ရှိတဲ့ ဓာတ်အားကို ဘယ်လောက်ထွက်လည်း အတိအကျ မပါဘူး။ ပြန်ဝယ်ပြီးတော့ နိုင်ငံတော်ကနေ ကျပ်သန်းပေါင်း နှစ်သောင်းတစ်ထောင်ကျော် ပြန်ဝယ်ရတယ်” ဟု MATA ရှမ်းပြည်နယ်မှ ကိုမိုးက ပြောကြားသည်။

အဆိုပါ ဝူးရှီဝှာကွမ်းကုမ္ပဏီမှ တီကျစ် ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် CSR ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း EIA စစ်တမ်းများ ကောက်ယူခြင်း လုပ်ငန်းကို လေထု၊ မြေထု၊ ရေထု အရည်အသွေး တိုင်းတာခြင်း လုပ်ငန်း၊ ဆူညံသံ၊ အနံ့ အသက်ဆိုးများ၊ သက်ရှိဇီဝမျိုးကွဲများကို ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ အစောပိုင်း၌ တီကျစ်ကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာတွင် ကလေးသူငယ်များ မွေးကင်းစမှ အသက်နှစ်နှစ်အရွယ်အထိ ကလေးများအားလုံး ယားနာများ ထူးဆန်းစွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် တီကျစ် ကျောက်မီးသွေးတွင်း အနီးတွင်လည်း စွန့်ပစ်မြေစာများ စွန့်ပုံရန်အတွက် မြေသိမ်းမှုများလည်း ဖြစ်ပွားနေသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။