အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအား ရုံးထုတ်ချိန်တွင် မီဒီယာများက ဓာတ်ပုံနှင့်ဗီဒီယို မရိုက်ရန် ၎င်း၏ခင်ပွန်းမှ တရားရုံးသို့ စာတင်ထား

အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအား ရုံးထုတ်ချိန်တွင် မီဒီယာများက ဓာတ်ပုံနှင့်ဗီဒီယို မရိုက်ရန် ၎င်း၏ခင်ပွန်းမှ တရားရုံးသို့ စာတင်ထား
Published 26 July 2018

တရားစွဲ ဖမ်းဆီးခံထားရသည့် ဥပဒေအရာရှိ အမျိုးသမီးအား ယခင်ရုံးချိန်း (ဇူလိုင် ၁၈ ရက်) တွင် ရုံးထုတ်လာစဉ်

အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီး ရုံးထုတ်ချိန်တွင် မီဒီယာများမှ ဓာတ်ပုံနှင့်ဗီဒီယို မရိုက်ကူးရန် ၎င်း၏ခင်ပွန်းမှ တောင်ပိုင်းခရိုင် တရားရုံးသို့ စာတင်ထားကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် အုတ်ဖိုကျေးရွာ နေထိုင်သူ အမျိုးသားနှစ်ဦးအား စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် ဥပဒေအရာရှိ အမျိုးသမီးအား ရုံးထုတ်ချိန်တွင် ဓာတ်ပုံနှင့်ဗီဒီယို မရိုက်ကူးရန် တရားရုံးမှ တာဝန်ရှိသူများက လိုက်လံ တားမြစ်ခဲ့သည်။

“စာတင်ထားတာကတ ရားခံရဲ့ ခင်ပွန်းကနေပြီးတော့ တရားရုံးကို ပို့ထားတာ တစ်စောင်ရှိတယ်။ သတင်းမီဒီယာ ကောင်စီတွေကိုလည်း မိတ္တူတွေ ပေးထားတာ ရှိတယ်။ အဲဒါနဲ့တော့ မဆိုင်ပါဘူး။ သတ်မှတ်ထားတဲ့ နေရာမှာပဲ ရိုက်ကူးရမယ်။ အမှုစပြီး စွဲတင်တဲ့နေ့ကလည်း ကျွန်တော် ကိုယ်တိုင် ဓာတ်ပုံမရိုက်ဖို့ ဆင်းတားပါသေးတယ်။ တရားရုံးထဲမှာ ရိုက်ခွင့် ကန့်သတ်ထားပါတယ်။ ရိုက်ခွင့်မပေးတာ သူတို့ဘက်က စာတင်တာကြောင့် မဟုတ်ပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးမိုးဝေက ဆိုသည်။

ဖမ်းဆီးခံထားရသူ ဥပဒေအရာရှိ အမျိုးသမီး၏ ခင်ပွန်းမှ ၎င်း၏ဇနီးအား ရုံးထုတ်လာချိန်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများ မရိုက်ရန် တောင်းဆိုသည့်စာအား ဇူလိုင် ၄ ရက်က တောင်ပိုင်းခရိုင် တရားရုံးသို့ ပို့ထားခဲ့ခြင်း ဖြစ်သည်။

“တရားရုံးရဲ့ မူဝါဒဆို အရင်တည်းက ရိုက်ခွင့်ကို အရှေ့ပိုင်းခရိုင်တရားရုံးနဲ့ အနောက်ပိုင်းခရိုင် တရားရုံးတွေလို တင်းတင်းကျပ်ကျပ် ပိတ်လိုက်ပါ။ အခုဟာက ဥပဒေအရာရှိ အမျိုးသမီးဘက်က စာတင်ပြီးမှ အခုလိုတွေ ရိုက်ခွင့်ကို ပိတ်လိုက်သလို ဖြစ်နေတယ်။ တရားရုံးက မူဝါဒကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ထားတာ ကောင်းပါတယ်။ အစတုန်းက ရိုက်လို့ရတယ်။ စာတင်ပြီးတော့မှ အခုလိုတွေ တင်းတင်းကျပ်ကျပ် လိုက်တားတွေ လုပ်နေတယ်”ဟု သတင်းထောက် တစ်ဦးက ပြောကြားသည်။

“မီဒီယာတွေကို ရိုက်ခွင့် မပေးတာနဲ့ ပတ်သက်ပြီး ကျွန်မက ခရိုင်တရားသူကြီးနဲ့ တွေ့ပြီးပါပြီ။ ခရိုင်သူကြီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ဘက်က ဒီအမှုနဲ့ ပတ်သက်ပြီး လာသတင်းယူတဲ့ မီဒီယာတွေ ဓာတ်ပုံနဲ့ဗီဒီယို မရိုက်ဖို့ သတင်းထောက်တွေရဲ့ သက်ဆိုင်တဲ့ရုံးကို စာပို့တယ်လို့ ပြောပါတယ်။ ဒါကတော့ နှစ်ဦးနှစ်ဖက် အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ ကျွန်မမြင်ပါတယ်။ ဒီအမှုမှာ ပွင့်လင်းမြင်သာစွာ စစ်နေကြတဲ့အချိန်မှာ အဲဒီလို ကန့်ကွက်စာပေးလို့ မီဒီယာတွေကို ရိုက်ခွင့်မပေးဘူးဆိုရင် တရားရေး မဏ္ဍိုင်ကို အနည်းနဲ့အများ ထိခိုက်မယ်လို့ ထင်ပါတယ်။ သူတို့တောင်းဆိုတာက မီဒီယာကျင့်ဝတ်အတိုင်း တောင်းဆိုတာဆိုရင် လက်ခံပါတယ်။ ဒီနေ့ကတော့ ရွာက သက်သေနှစ်ဦးကို စစ်ဆေးပါတယ်။ ရုံးချိန်းကို သြဂုတ် ၂ ရက်ကို ပြန်ချိန်းထားတယ်”ဟု သေဆုံးသူ အိမ်အကူ အမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေအရာရှိ အမျိုးသမီးမှာ ရုံးထုတ်လာချိန်တွင် မျက်နှာဖုံးဖြင့် မျက်နှာအား အုပ်ထားခြင်း၊ မိုးကာအကျီ ဝတ်ကာ ခေါင်းစွပ် ဆောင်းထားခြင်းနှင့် ဦးထုပ်ဆောင်းခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

သေဆုံးခဲ့သည့် အိမ်အကူ အမျိုးသမီးမှာ တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈နှစ်) ဖြစ်ပြီး တရားစွဲ ဖမ်းဆီးခံထားရသည့် ဥပဒေအရာရှိ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် ဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent