ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းတာကျိုးကျခဲ့ပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ထောင်စု များပြားလာ

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းတာကျိုးကျခဲ့ပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ထောင်စု များပြားလာ
Published 26 July 2018

ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များ ရေဝင်နေပြီး ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းတာတစ်ခု ကျိုးကျပျက်စီးခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စု များပြားလာခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ကာ ဇူလိုင် ၂၃ ရက်မှစတင်၍ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး ဇူလိုင် ၂၄ ရက်တွင် မြို့ပေါ်ရှိ ပဲခူးရပ်ကွက်နှင့် ကတ်ကျေးရပ်ကွက်တို့မှ ရေဝင်ရောက်ခြင်းခံရသော အိမ်ထောင်စု ၃၄ စု လူဦးရေ ၁၅၀ ဝန်းကျင်ခန့်တို့အား လည်းကောင်း၊ ဇူလိုင် ၂၅ရက်တွင် အိမ်ထောင်စု ၃၅ စုအားလည်းကောင်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ပဲခူးရပ်ကွက်ရှိမြို့တွင်း ကျောင်းမိုးကုတ်ဓမ္မာရုံ၊ သိန်တန်းရပ်ကွက်ရှိက သစ်ဝိုင်ဓမ္မာရိပ်သာဓမ္မာရုံ၊ တောင်ငူတန်း ရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းများသို့ နေရာခွဲ၍ ယာယီရွှေ့ပြောင်းနေရာချထား ပေးခဲ့ရသည်။

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ကိုမောင်ဇော်က “ညကမိုးကလည်း အဆက်မပြတ်ရွာတယ်၊ မိုးပိုကြီးလာပြီးတော့ ရေက တဖြည်းဖြည်း တက်လာတဲ့အခါကျတော့ ကျွန်တော်တို့က မနေ့ကအထိတော့ အိမ်ခြေ ၂၄ လုံးကို ပြောင်းရွှေ့ထားပြီးပါပြီ။ ဒီနေ့ အတိုင်းအတာလာမှာတော့ ရေကထပ်တက်လာတဲ့ အနေအထားရှိနေတော့ ထပ်တက်မယ့် အနေအထားရှိတာနဲ့ ကျွန်တော့်အဖွဲ့တွေကို Stand By လုပ်ပြီးတော့၊ တပ်မတော်အဖွဲ့ရော၊ ဒီက မီးသတ်တပ်ဖွဲ့ရော၊ ရဲတပ်ဖွဲ့ရောအပါ ကျွန်တော်တို့ အကြောင်းကြားပြီးတော့မှ ရေဘေးကယ်ဆယ်ရေးလုပ်မှဖြစ်မယ် ဆိုပြီးတော့ ဒီနေ့တော့ ထင်တဲ့အတိုင်းပဲ ညကရေထပ်တက်တယ်။ ရေတပ်တက်တော့ အိမ်တွေထပ်မြုပ်တယ်၊ အိမ်ခြေ ၂၅ လုံးကို ကျွန်တော်တို့ ဒီနေ့ပြောင်းရွှေ့ပေးခဲ့ရတယ်ပေါ့၊ ဒီနေ့အတိုင်းအတာမှာတော့ ရေတွေနဲ့ မလွတ်တဲ့အိမ်တွေ အကုန်လုံးကိုတော့ မြို့တွင်း ကျောင်းတွေ၊ ယာယီကယ်ဆယ်ရေး စခန်းတွေကို ရောက်နေပါပြီ” ဟု ပြောကြားသည်။

ထို့အပြင် ဇူလိုင် ၂၄ ရက်တွင်လည်း ကျောက်ကြီးမြို့နယ်၌ မိုးရေချိန် ၂ ဒသမ ၃၃ လက်မအထိ ထပ်မံရွာသွန်းခဲ့ရာ မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာခဲ့ပြီး ကျောက်ကြီးမြို့နယ်မှ ၁၁ မိုင်ခန့်အကွာ ကျွန်းပင်ဆိပ်ကျေးရွာရှိ ကျွန်းပင်ဆိပ်ကျေးရွာ ချောင်း (အကျယ် ၇၀ ပေရှိ) အား အရှေ့အနောက်ဖြတ်သန်း၍ ကာရံတည်ဆောက်ထားသော မြေသားတမံမှာလည်း ရေတိုက်စားမှုကြောင့် ၁၅ ပေခန့်အကျယ်ထိ ကျိုးကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကာတမံ ကျိုးပျက်မှုကြောင့် ကျွန်းပင်ဆိပ်ကျေးရွာအတွင်းသို့ ရေအနက် ငါးပေခန့်အထိ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ရေဝင်ရောက်သဖြင့် လူနေ၍မရတော့သော အိမ်ထောင်စု ၄၀ (လူဦး ၁၆၀ ဦးခန့်) တို့မှာ ကျေးရွာအတွင်းရှိ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအား ကျောက်ကြီးမြို့ နယ်မြေခံတပ် ခမရ ၅၉၉ မှ တပ်ရင်းမှူးနှင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းတွင် ရွှေ့ပြောင်းနေထိုင်ကြသူများအား မြို့နယ်တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးခြင်း၊ ထမင်းထုပ်များ ဝေငှခြင်းတို့ ဆောင်ရွက်ပေးကြကြောင်း၊ နယ်မြေအတွင်း ရေကြီးရေလျှံမှု အခြေအနေများ ဆက်လက်စောင့်ကြည့်နေရပြီး တာတမံများ ထပ်မံကျိုးပေါက်မှု မရှိစေရေး ဆောင်ရွက်နေကြကြောင်း၊ ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသူ အိမ်ထောင်စု ၁၀၀ ကျော်ခန့် ရှိနေကြောင်း သိရသည်။

Most Read

Most Recent