အိမ်သုံးမီတာများနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီက နမူနာမီတာနှင့် အမှန်တကယ်ပေးသွင်းသည့်မီတာများ ကွဲပြားနေပြီး မတူသည့်မီတာများကို လက်ခံခဲ့ခြင်းမှာ ရိုးရိုးသားသား စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဟုတ် မဟုတ် လွှတ်တော်၌ မေးခွန်းမေးမြန်း

အိမ်သုံးမီတာများနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီက နမူနာမီတာနှင့် အမှန်တကယ်ပေးသွင်းသည့်မီတာများ ကွဲပြားနေပြီး မတူသည့်မီတာများကို လက်ခံခဲ့ခြင်းမှာ ရိုးရိုးသားသား စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဟုတ် မဟုတ် လွှတ်တော်၌ မေးခွန်းမေးမြန်း
Published 24 July 2018

အိမ်သုံးမီတာများနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ နမူနာတင်ပြသည့် မီတာနှင့် အမှန်တကယ်ပေးသွင်းသည့် မီတာများ မတူကွဲပြားနေကြောင်းနှင့် ယင်းသို့ ကွဲလွဲမှုသည် တင်ဒါစည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ နမူနာနှင့်မတူသည့် မီတာများကို လက်ခံခဲ့ခြင်းသည် ရိုးရိုးသားသား စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဟုတ် မဟုတ်  မေးခွန်းထုတ်စရာဖြစ်နေကြောင်း အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက မြန်မာနိုင်ငံတွင် ကျေးရွာနှင်မြို့များရှိ လျှပ်စစ်မီးသုံး နေအိမ်အဆောက်အအုံများမှ သုံးစွဲမီတာယူနစ်များကို သိရှိနိုင်ရန် လျှပ်စစ်မီတာ (Meter Box)  များ မလွဲမသွေ တပ်ဆင်အသုံးပြုထား ရမည်ဖြစ်ရာ အများပြည်သူသုံးစွဲရန်အတွက် အရည်အသွေးကောင်းမွန်သော လျှပ်စစ်မီတာ (Meter Box) များ တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ရာတွင် ကြေညာသတ်မှတ်ထားသော စည်းကမ်းချက်များနှင့် Detail Technical Specification များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီ၏ တင်ဒါကို ရွေးချယ်ထားခဲ့လျှင် ပြန်လည်ပယ်ဖျက်ရုပ်သိမ်းပေးနိုင်ခြင်း ရှိ မရှိနှင့် အဂတိမကင်းသော တင်ဒါရွေးချယ်ခဲ့သူ သို့မဟုတ်အဖွဲ့ကို အရေးယူရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

ဦးအောင်သိန်းက “လက်ရှိအခြေအနေမှာတော့ တင်ဒါအောင်တဲ့ကုမ္ပဏီက ပေးသွင်းရောက်ရှိလာတဲ့ အိမ်သုံးမီတာတွေဟာ နမူနာတင်ပြယှဉ်ပြိုင်တဲ့ မီတာနဲ့ မတူကွဲပြားတာကို တွေ့ရပါတယ်။ ကျေးလက်သုံး မီတာမှာဆိုရင် နမူနာအချက်ပြမီး သုံးခုပါရှိပြီး အမှန်ပေးသွင်းတဲ့မီတာမှာ အချက်ပြမီးနှစ်လုံးသာ ပါရှိပါတယ်။ နောက်တစ်ချက်ကတော့ နမူနာမီတာမှာ ဖွင့်လှစ်စစ်ဆေးလို့ရတဲ့ နဖားဆီးလ်စနစ်သုံးထားပေမဲ့ အမှန်ပေးသွင်းတဲ့မီတာမှာ တစ်ခါသုံး အသေပိတ်စနစ် ဖြစ်နေပါတယ်။ မြို့ငယ်သုံးမီတာနဲ့ မြို့ကြီးသုံး မီတာတွေမှာလည်း အဲဒီလိုဖြစ်နေတာတွေ ရှိပါတယ်။ ဒီလိုကွဲလွဲတာဟာ မီတာတန်ဘိုးနဲ့ ဒီဇိုင်းပြောင်းသွားတာဖြစ်လို့ တင်ဒါစည်းမျဉ်းကို လုံးဝဂရုမစိုက်ဘဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ထုံးလုပ်နည်း တင်ဒါစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ တင်ဒါရွေးချယ်ခဲ့ခြင်း၊ နမူနာမတူတဲ့ မီတာတွေကို လက်ခံခဲ့ပြီး ငွေချေခဲ့ခြင်းဟာ ရိုးရိုးသားသား စဉ်းစားဆုံးဖြတ်ခဲ့ကြတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းများကို သိရှိခြင်း ရှိ မရှိ၊ မည်သို့ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ခဲ့သနည်း၊ အဖြစ်မှန်ပေါ်ပေါက်စေရန် မည်သို့စစ်ဆေးမည်နည်း၊ လိုက်နာခြင်းမရှိသည့် ကုမ္ပဏီ၏တင်ဒါကို ရွေးချယ်ခဲ့ပါက ပြန်လည်ရုပ်သိမ်းနိုင်ခြင်း ရှိ မရှိ နှင့် ယခုတင်ပြချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းမှန်ပါက မည်သူများကို မည်သို့အရေးယူရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း ဦးအောင်သိန်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ထို့ပြင် တင်ဒါ၏ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်အရ မီတာတွင် Nameplate ပါရှိရမည့်အပြင် ရှင်းလင်းစွာမြင်နိုင်ပြီး ဖယ်ရှား၍မရနိုင်အောင် လုံခြုံမှုရှိရမည်ဖြစ်ကြောင်း၊ Nameplate မပါသည့် မီတာများဖြင့် နမူနာတင်ပြသည့် ကုမ္ပဏီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး နမူနာမီတာများကို စစ်ဆေးသည့်အခါတွင် စက္ကူစတေကာနှင့် အတုလုပ်ထားသည့် Nameplate ကပ်ကာ အစစ်ဆေးခံခဲ့သည်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ ယင်းမီတာအား Technical အောင်သည်ဟု အတည်ပြုသတ်မှတ်ကာ ဈေးနှုန်းယှဉ်ပြိုင်စေခဲ့ပြီး အတည်ပြုရွေးချယ်ကာ စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည်ဟု သိရကြောင်း၊ ထို့အတွက် 84 (T) တင်ဒါသည် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်ပြီး Technical Specification နှင့်ကိုက်ညီသည့် နမူနာမီတာများနှင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျန်ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိသည့် ယှဉ်ပြိုင်မှုမျိုး မဖြစ်ခဲ့ကြောင်း ဦးအောင်သိန်းက မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မေးမြန်းမှုနှင့်ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “နမူနာ ပစ္စည်းတစ်ခုတည်းကိုကြည့်ကာ အမှန်တကယ်မှာ ယူသုံးစွဲမယ့်ပစ္စည်း အရည်အသွေးကောင်း မကောင်းကို စိစစ်အကဲဖြတ်ရာမှာ အဆိုပါ နမူနာပစ္စည်းရဲ့ ပြင်ပအသွင်အပြင်၊ ပြင်ဆင် ထုပ်ပိုးထားမှုအခြေအနေထက် မီတာရဲ့ Performance စွမ်းဆောင်ရည် ပြည့်မီမှု ရှိ မရှိသည်သာ ပဓာနကျပါတယ်။ ကုမ္ပဏီတွေက ပေးပို့လာတဲ့ နမူနာမီတာတွေအားလုံးကို တစ်ပြေးညီစနစ်နဲ့ မီတာစမ်းသပ်စစ်ဆေးခုံပေါ်မှာ တပ်ဆင်ကာ တိကျစွာစစ်ဆေးခဲ့ပါတယ်။ မီတာစမ်းသပ်စစ်ဆေးခုံဟာ ကွန်ပျူတာစနစ်နဲ့ စစ်ဆေးခြင်းဖြစ်ပြီး စစ်ဆေးတဲ့ မီတာမှာ မည်သည့်အမှတ်အသား တံဆိပ်ရေးသားချက်တွေ ပါရှိဖို့မလိုဘဲ၊ တိကျမှန်ကန်စွာ စစ်ဆေးပေးနိုင်တဲ့စက် ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ထို့အတူ တင်ဒါခေါ်ဆိုရာတွင် နိုင်ငံတကာ၌ ကျင့်သုံးနေသော Two Envelope System ကျင့်သုံးခဲ့ကြောင်း၊ ပထမအဆင့်တွင် Technical Specification များကို စိစစ်ပြီး အောင်မြင်သော ယှဉ်ပြိုင်သူများကိုသာ ဒုတိယအဆင့်တွင် ဈေးနှုန်းစိစစ်ပြီး ဈေးနှုန်းအနည်းဆုံးပေးသွင်းသူကို ဦးစားပေးရွေးချယ်သောစနစ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းကုမ္ပဏီမှ ယှဉ်ပြိုင်ရာတွင် ကျပ် ၃၀၃၁ ဒသမ ၅ သန်း ဈေးပိုများနေခြင်းကြောင့် တင်ဒါရှုံးနိမ့်ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ယှဉ်ပြိုင်ရွေးချယ်ဝယ်ယူခဲ့ခြင်းကြောင့်  ယခင်ကကဲ့သို့ ပြည်တွင်းထုတ်မီတာကိုသာ တိုက်ရိုက်ဝယ်ယူစရိတ်ထက် ကျပ် ၅၃၈၀ သန်း လျော့နည်းသက်သာခဲ့ကြောင်း၊ စိစစ်ရွေးချယ်ပြီးသော မှတ်တမ်းမှတ်ရာများကို ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ယူပြီးမှ အပြီးသတ်ရွေးချယ်သော စနစ်ဖြစ်ခြင်းကြောင့် မှန်မှန်ကန်ကန် ဆောင်ရွက်ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

 

Most Read

Most Recent