ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ ရှစ်ဦးကျဆုံးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ ရှစ်ဦးကျဆုံးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
Published 20 July 2018

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ ရှစ်ဦးကျဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတစ်ကြောင်းသည် နယ်မြေရှင်းလင်းစဉ် ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မန်ဝန်းကျေးရွာအုပ်စု အွယ်လောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၂၁၀၀ ခန့် အကွာသို့အရောက်၌ TNLA လက်နက်ကိုင် အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် လက်နက်ကိုင်များသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်ရှစ်ဦး၏ အလောင်းများအား လက်နက်ငယ်မျိုးစုံ သုံးလက်၊ လျှိုအတွင်း ထိုးကျပျက်စီးနေသည့် Toyota Hilux Double Cub ယာဉ်အမျိုးအစားတစ်စီးနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း၊ နေရာအား အသေးစိတ် ရှင်းလင်းရာ သေဆုံးနေသည့် TNLA လက်နက်ကိုင်များအနက် ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း သုံးလောင်း၊ ပြောက်ကျား ယူနီဖောင်းဝတ် အမျိုးသမီးအလောင်း ငါးလောင်း၊ အမ်-၂၂ အမျိုးအစား သေနတ်နှစ်လက်၊ အမ်-၂၁ အမျိုးအစားသေနတ် တစ်လက်၊ ၎င်းကျည်အိမ်ရှစ်ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့် ရှစ်စုံနှင့် တရုတ် လက်ပစ်ဗုံး သုံးလုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းများအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်၌ ညနေ ၅ နာရီခန့်တွင် စနစ်တကျ ကောင်းမွန်စွာ မြေမြှုပ်သြင်္ဂိုဟ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားမှုအား အသေးစိတ် စိစစ်ရာ လျှိုအတွင်းထိုးကျပျက်စီးသည့် Toyota Hilux Double Cub ယာဉ်မှာ မန်တုံမြို့နယ် မဟိုချောင်း နမ့်နတ်-ဟွေလောင်း ဒေသတစ်ဝိုက်တွင် သတ္တုစမ်းသပ် တူးဖော်ခွင့်ရရှိထားသည့် နေ့သစ်အာရှသတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ယာဉ်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်၌လည်း အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော ဦးစိုင်းကျော်အေးနှင့်အဖွဲ့ဝင် သုံးဦးပါဝင်ကြောင်း၊ ဆက်လက်၍ ဖြစ်စဉ်မှန်ကန်မှု ရှိ/ မရှိ စိစစ်ခဲ့ရာ ဦးစိုင်းကျော်အေးနှင့် ဝန်ထမ်းသုံးဦးမှာ ဇူလိုင် ၁၁ ရက်၌ လုပ်ကွက်မှ နမ့်ခမ်းသို့ အဆိုပါ မော်တော်ယာဉ်ဖြင့် ဈေးဝယ်သွားစဉ် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် TNLA လက်နက်ကိုင်အဖွဲ့မှ ခန့်မှန်း (အယ်လ်အက်ဖ် -၄၃၇၉၃၈) နေရာ၌ ယာဉ်အားတား၍ အွယ်လောရွာသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံလျက် လိုက်ပါစီးနင်းလာစဉ် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဦးစိုင်းကျော်အေး၏ ညာလက်ဖျံနှင့် ဦးစိုင်းဖေဝင်း၏ ညာခြေသလုံးတို့တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး တရုတ်နိုင်ငံမန်စီမြို့ရှိ တာဟောင်တိုင်း ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းကြောင့် ဇူလိုင် ၁၁ ရက်တွင် TNLA အဖွဲ့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငါးဦးနှင့် ပတ်သက်ပြီး ဖြစ်စဉ်အကြောင်းရင်းအမှန်အား စိစစ်ချက်များအရ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

Most Read

Most Recent