ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန် ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူငယ် ၁၃ ဦးအား ရဲမှူးတစ်ဦးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥပဒေဖြင့် စတင်တရားစွဲဆို

ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန် ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူငယ် ၁၃ ဦးအား ရဲမှူးတစ်ဦးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥပဒေဖြင့် စတင်တရားစွဲဆို
Published 18 July 2018

ဆန္ဒထုတ်ဖော်ခဲ့ကြသော လူငယ် ၁၃ ဦးအား ရဲမှူးတစ်ဦးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥဒေဖြင့် ဇူလိုင် ၁၇ ရက်တွင် ပထမအကြိမ် ရုံးတင်စစ်ဆေးစဉ် တရားရုံးမြင်ကွင်း

ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန် ဖော်ထုတ်ပေးရန်အတွက် ဆန္ဒထုတ်ဖော် ခဲ့ကြသော လူငယ် ၁၃ ဦးအား ရဲမှူးတစ်ဦးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥပဒေဖြင့် ဇူလိုင် ၁၇ ရက်တွင် ပထမအကြိမ် ရုံးတင်စစ်ဆေးပြီး ဒုတိယအကြိမ် ရုံးချိန်းအား လာမည့် ဇူလိုင် ၂၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကျွန်မတို့ ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ ဆင့်ခေါ်စာနဲ့ တရားစွဲဆို ခဲ့ရခြင်းဖြစ်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ကို ပုဒ်မ ၁၉၊ ၂၀ နဲ့ တရားစွဲဆိုရလဲဆိုရင် ကျွန်မတို့ လမ်းလျှောက်ဆန္ဒပြဖို့အတွက် ၁ ရက်နေ့မှာ ကျွန်မတို့မြို့နယ် ရဲစခန်းမှူးကို အကြောင်းကြားစာ ပို့ထားပြီး ဖြစ်တယ်။ ဒါပေမဲ့ စာပို့တဲ့အချိန်မှာ သူတို့က ဒီကော်မတီထဲ ပါတဲ့လူကို ဖုန်းဆက်လာတယ်။ မေးမြန်းတာတွေ ရှိတယ်ပေါ့။ မေးမြန်းတော့ လာမတွေ့ဘူး ဆိုတာက အဲဒီအထဲမှာ အကုန်ပါပြီးသား။ သူတို့က တစ်စုံတစ်ရာ တခြားအချက်အလက်တွေ မေးလာရင် ရှုပ်ကုန်မှာစိုးလို့ မလာတာပဲ ဖြစ်တယ်ပေါ့။ လမ်းလျှောက် ဆန္ဒပြတဲ့ အချိန်မှာ ဆိုလို့ရှိရင် ဒီစာရွက်ထဲ ပါတဲ့အတိုင်း လမ်းလျှောက် ဆန္ဒပြတယ်ပေါ့” ဟု တရားစွဲခံရသူ တစ်ဦးဖြစ်သော မော်မိုးမြာက ပြောကြားသည်။

ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲခံရသူများမှာ ဌာနေတိုင်းရင်းသား လူငယ်ခေါင်းဆောင်များ ဖြစ်ကြပြီး လူငယ်ငါးဦးမှာ ကရင်နီသမိုင်း အမှန်နှင့် ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန် ကန့်ကွက်စာများ ဖြန့်ဝေမှုဖြင့် ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ် တရားရုံးတို့တွင် အသီးသီး တရားစွဲဆိုခံနေကြရသော အာမခံ မယူထားသည့် သူများလည်း ပါဝင်ကြောင်း သိရသည်။

ကရင်နီ (ကယား) ပြည်နယ်အတွင်း တည်ဆောက်နေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၃ ရက်တွင် ကရင်နီအင်အားစုများ စုပေါင်း၍ ခွင့်ပြုမိန့်တင်ကာ လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ရာ ရဲဝန်ထမ်းများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောင်းသားရုံး စစ်ကြောင်း၊ ကယန်းမျိုး ဆက်သစ်လူငယ်ရုံး စစ်ကြောင်းနှင့် ချိကယ် စစ်ကြောင်း သုံးကြောင်းဖြင့် လွိုင်ကော်နာရီစင် အဝိုင်းပတ်အထိ အသီးသီး ချီတက်လာရာ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက တားမြစ်သဖြင့် လွှတ်တော်ဝင်းတွင် တည်ဆောက်ထားသော ဟစ်တိုင်သို့ သွားခွင့်ပြုရန် တောင်းဆိုရာ လွှတ်တော်က ချီတက်ခွင့်ပြုမိန့်ထဲပါမှသာ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောဆိုရာမှ ဆန္ဒပြသူများမှာ သံဆူးကြိုးများအား ကျော်ဖြတ်သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသဖြင့် ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သော ဖိလစ်စိုးအောင်အား လက်ထိတ်ခတ် ဖမ်းဆီးရာမှ လွှတ်တော်သို့ ချီတက်နေသောလူစုမှာ ဖမ်းဆီးထားသော ရဲကားရှေ့တွင်ပိတ်၍ တစ်ဖန်ပြန်လည်တားဆီး ဆန္ဒထုတ်ဖော်ရာ ရဲအရာရှိများနှင့် ညှိနှိုင်းပြီး နာရီဝက်ခန့် အကြာတွင် ခေါင်းဆောင်ဖြစ်သူအား ပြန်လွှတ်ပေးသဖြင့် သပိတ်စစ်ကြောင်းအား လူစုခွဲကြကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၆ ရက်မှစတင်၍ ကယားပြည်နယ်တွင် မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော်စသည့် မြို့နယ်များသို့ လည်းကောင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့များသို့ ဗိုလ်ချုပ်ရုပ်တုတည် ဆောက်ခြင်းအား ကန့်ကွက်ကြောင်းနှင့် ကရင်နီသမိုင်းအမှန် ရေးသားထားသောစာများ ဖြန့်ချိခဲ့ကြောင်း၊ အိတ်ဖွင့်ပေးစာ တစ်စောင်အား ကယားပြည်နယ် အစိုးရသို့ ဇွန် ၁၈ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ ကယားပြည်နယ်သည် (ယခင်) ကရင်နီပြည်နယ်အဖြစ် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိခဲ့သည်ကို ၁၈၇၅ ခုနှစ် ဇွန် ၂၁ ရက်တွင် ဗမာဘုရင် ကိုယ်စားလှယ် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ်အစိုးရဘက်မှ ဆာဒေါက်ကလပ်ဖောဆစ်တို့ လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းမှတ်တမ်း အထင်အရှားရှိကြောင်း၊ ယင်းအခြေအနေ မတိုင်မီက ကရင်နီပြည်သည် နယ်လေးနယ်ဖြင့် ကိုယ့်စောဖျာများ အုပ်ချုပ်၍ မည်သူ့ကိုမျှ ကျူးကျော်ခြင်း မပြုခဲ့ဘဲ ဗမာဘုရင်နှင့် ဆက်ဆံရေးရှိခဲ့ပြီး လက်အောက်ခံ မဟုတ်ကြောင်း ကရင်နီ သမိုင်းစာအုပ်များမှ သိရသည်။

Most Read

Most Recent