တရားဥပဒေစိုးမိုးမှုရှိစေရန် အစိုးရဝန်ထမ်းများအား တရားစွဲဆိုထားမှု ကန့်သတ်ထားသည့်ပုဒ်မအား ပယ်ဖျက်သင့်ကြောင်း ဆရာတော်ဦးပါမောက္ခ မိန့်ကြား

တရားဥပဒေစိုးမိုးမှုရှိစေရန် အစိုးရဝန်ထမ်းများအား တရားစွဲဆိုထားမှု ကန့်သတ်ထားသည့်ပုဒ်မအား ပယ်ဖျက်သင့်ကြောင်း ဆရာတော်ဦးပါမောက္ခ မိန့်ကြား
Published 15 July 2018

တရားဥပဒေစိုးမိုးမှုရှိစေရန် အစိုးရဝန်ထမ်းများအား တရားစွဲဆိုမှု ကန့်သတ်ထားသည့် ပုဒ်မအား ပယ်ဖျက်သင့်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

လာဘ်စားမှုနှင့် ဥပဒေအား တလွဲလုပ်စားမှုရှိသည့် အစိုးရ ဝန်ထမ်းများကိုသာ တရားစွဲဆိုခွင့်ရရှိရန် ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် သာမန်ပြည်သူများက အလွယ်တကူ ပြန်လည်တရားစွဲဆိုခွင့် မရှိခြင်းမှာ တရားမျှတမှု မရှိကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

“တရားဥပဒေစိုးမိုးဖို့ အတွက်ဆိုရင် အစိုးရဝန်ထမ်းတွေကို တရားစွဲဆိုခွင့် တားဆီးထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၅ ဖြုတ်ပစ်ဖို့လည်း လိုအပ်တယ်။ ဘုန်းကြီးက မြို့နယ်တရားသူကြီးကို တရားစွဲချင်တယ်ဆိုရင် ခရိုင်တရားသူကြီးဆီမှာ ခွင့်ပြုချက် တင်ရတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ခွင့်ပြုချက်တင်ရတယ်။ ရဲဝန်ထမ်းတစ်ယောက်ကို အပြစ်ရှိလို့ တရားစွဲချင်တယ်ဆိုရင် ပြည်ထဲရေးတို့၊ ရဲချုပ်တို့ဆီ ခွင့်ပြုချက်တင်ရတယ်။ သာမန်ပြည်သူတွေလို အလွယ်တကူ တရားစွဲလို့မရဘူး။ ဒါက တရားမျှတမှု မရှိဘူး။ ဥပဒေက တန်းတူညီမျှမှု မရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူအခွင့်အရေး ရယူပေးရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူပေးရမည်လို့ ပါထားတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၅ က ခွဲခြားပစ်နေတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအနေဖြင့် တရားသူကြီး၊ ရဲ၊ ထောင်ပိုင်၊ ထွေအုပ်စသည့် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် သမ္မတဟောင်း ဦးထင်ကျော် လက်ထက်တွင် စာပေးပို့ တောင်းဆိုခဲ့ပြီး သမ္မသစ် ဦးဝင်းမြင့်ထံသို့လည်း ထပ်မံစာပေးပို့တောင်း ဆိုထားကာ ယနေ့အချိန်ထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။ ထို့ကြောင့် ဆက်လက် တောင်းဆိုမှု ပြုလုပ်နေမည်ဖြစ်ပြီး အချိန်ကာလ တစ်ခုအထိ ထူးခြားမှု မရှိပါက ပြည်ထောင်စု တရားလွှတ်တော်ရှေ့သို့ သွားရောက် ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး ယင်းသို့ကျခံရစဉ် အကျင့်ပျက် အစိုးရဝန်ထမ်းများ တွေ့ရှိခဲ့သည် ဟုဆိုကာ တရားစွဲဆိုခွင့် ရရှိရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

 

Most Read

Most Recent