နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ပုဂ္ဂလိကမီဒီယာအချို့အား ပေးမဝင်သဖြင့် သတင်းမယူဘဲ ဆန္ဒထုတ်ဖော်မည်ဟုဆို

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ပုဂ္ဂလိကမီဒီယာအချို့အား ပေးမဝင်သဖြင့် သတင်းမယူဘဲ ဆန္ဒထုတ်ဖော်မည်ဟုဆို
Published 10 July 2018

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများတွေ့ဆုံပွဲကို မီဒီယာသမားများအား ခွဲခြားဆက်ဆံပြီး ဝင်ခွင့်မပြုသဖြင့် နယ်မြေခံသတင်းသမားများ မကျေနပ်ကြကာ သတင်းမယူဘဲ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊  ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင် ၉ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ လူတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သမ္မတတွေ့ဆုံပွဲသို့ သတင်းရယူနိုင်ရန် နယ်မြေခံသတင်းမီဒီယာအဖွဲ့ပေါင်း ၂၀ ကျော် တက်ရောက်လာခဲ့ရာ၊ မီဒီယာအဖွဲ့ ငါးဖွဲ့ကိုသာ ဝင်ခွင့်ပြုထားကြောင်း ပြောဆိုပြီး အခြားသတင်းမီဒီယာများကို မောင်းထုတ်ခဲ့သဖြင့် တာဝန်ရှိသူ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထင်ကျော်အေးကအထက်မှ တားမြစ်ချက်အရ ဝင်ခွင့်မပြုထားကြောင်းပြောဆိုပြီး ဆက်လက်မေးမြန်းခြင်းမပြုရန် မောင်းထုတ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို MRTV အဖွဲ့၊  Sky Net ရုပ်သံအဖွဲ့၊ မြဝတီနှင့် ကမ္ဘောဇတိုင်းဂျာနယ်တို့ကိုသာ ဝင်ခွင့်ပြုထားပြီး အခြားမီဒီယာများကို ပေးမဝင်သဖြင့် မီဒီယာအချင်းချင်းခွဲခြားဆက်ဆံသည့် အခြေအနေကို နယ်မြေခံသတင်းမီဒီယာများ လက်ခံနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်နယ် ထွေ / အုပ် သတင်းများကို မယူတော့ဘဲ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်အစိုးရဦးသိန်းစိန် လက်ထက်တုန်းကတောင် ဆေးတက္ကသိုလ်ဖွင့်ပွဲတုန်းက အနောက်ကနေလိုက်ပြီးတော့ သတင်းယူလို့ ရသေးတယ်။ ဓာတ်ပုံတွဲရိုက်ခွင့်လည်းရတယ်။ မီဒီယာတွေကိုကတ်တွေ သေချာထုတ်ပေးတယ်။ အခုမှ အထက်ကညွှန်ကြားချက်အရ ဘယ်အထက်က ညွှန်ကြားချက်လဲ မသိဘူး။ အထက်ဆိုတာ မကုန်သေးဘူးလားပေါ့။ ဒါဟာ ရှမ်းပြည်နယ်အစိုးရလိုအပ်ချက်အများကြီး ရှိနေတယ်ဆိုတာ ပြောချင်ပါတယ်” ဟု 7 Day ဂျွန်ချစ်ငြိမ်းက ဆိုသည်။

“သတင်းမီဒီယာ ပွင့်လင်းမြင်သာလာချိန်မှာ စတုတ္ထမဏ္ဍိုင် ရပ်တည်လာချိန်မှာ ဒီလိုမျိုးမဖြစ်သင့်ဘူး။ သမ္မတကိုယ်တိုင်တောင် မီဒီယာသမားတွေကို လေးစားတယ်။ ဥပဒေအတိုင်းလုပ်ပါလို့လဲ ပြောထားတယ်။ ကျွန်တော်တို့ မီဒီယာဥပဒေမှာဖော်ပြထားတယ်။ နည်းဥပဒေပုဒ်မ ၃၁ မှာ ဖော်ပြထားတာလွတ်လပ်စွာ သတင်းရယူနိုင်ခွင့် ဖော်ပြထားတာ ရှိတယ်။ ရှမ်းပြည်နယ် အစိုးရက ဒါကိုအလေးမထားဘူး” ဟု ခမ်းသားငေါဝ်းဂျာနယ်မှ ခွန်ရာဇာက ပြောကြားသည်။

“မီဒီယာတွေကို ခွဲခြားမှုမရှိဘဲတန်းတူ သတင်းရယူခွင့်ပြုစေချင်တယ်။ နောက်ကိုလည်း ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာစွာ သတင်းရယူခွင့်တွေ ရစေချင်ပါတယ်” ဟု ယူနတီဂျာနယ်မှ ကိုစနေက ပြောကြားသည်။

နိုင်ငံတော် သမ္မတသည် ရှမ်းပြည်နယ်တောင်ကြီးမြို့သို့ ဇူလိုင် ၉ ရက်တွင် ရောက်ရှိပြီး နံနက်ပိုင်းတွေ့ဆုံပွဲအပြီးတွင် ဆောက်လက်စမိခင်နှင့် ကလေးဆေးရုံကြီးကို ကြည့်ရှုမည်ဖြစ်ကာ၊ ရွှေဘုန်းပွင့်နှင့် မြစိမ်းတောင်ပေါ်တက်မည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်တွင် လားရှိုးတွင် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent