မြန်မာနိုင်ငံတွင် ငါးနှစ်အောက်ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ သွေးအားနည်းရောဂါများ ဖြစ်နေဟုဆို

မြန်မာနိုင်ငံတွင် ငါးနှစ်အောက်ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ သွေးအားနည်းရောဂါများ ဖြစ်နေဟုဆို
Published 6 July 2018

မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ သွေးအားနည်းသည့်ရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း Mega Lifesciences မှ ဒါရိုက်တာ ဒေါက်တာသင်းနိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအားလုံးနီးပါးသည် သွေးအားနည်းသည့်ရောဂါကို ခံစားနေရပြီး ကိုယ်ဝန်ဆောင်မိခင်များ၏ ရာခိုင်နှုန်း ၆၀ ကျော်၊ အမျိုးသမီးထု၏ ၄၅ ရာခိုင်နှုန်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ သွေးအားနည်းရောဂါကို ခံစားနေရကြောင်း ဒေါက်တာသင်းနိုင်ဦးက ပြောကြားသည်။

“သွေးအားနည်းတယ်ဆိုတာ သံဓာတ်ချို့တဲ့လို့ဖြစ်တယ်။ ဆရာမတို့အနေနဲ့ သံဓာတ်များဖို့အတွက် ဘာတွေစားရမလဲဆိုတဲ့ သိတဲ့ဗဟုသုတ အသိအမြင်က နည်းပါတယ်။ သိရင်လည်း အဲဒါကိုတစ်စိုက်မက်မက် မစားဘူး။ သွေးအားနည်းရောဂါဖြစ်တာနဲ့ ကိုယ်ခံအင်အား နည်းလာတယ်။ ကိုယ်ခံအင်အား နည်းလာတော့ ရောဂါဝင်ဖို့ လွယ်လာတယ်။ ဥပမာ ငှက်ဖျားရောဂါရှိတဲ့ဇုန်မှာဆို ငှက်ဖျားဖြစ်ပြီဆိုပါတော့။ ကိုယ်ကပဲဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံအင်အားနည်းနေတဲ့ အခါကျတော့ ငှက်ဖျားဖြစ်ပြီဆိုတာနဲ့ ပိုပြီးတော့ သွေးအားနည်းသွားတယ်။ အဲဒီ ငှက်ဖျားပိုးတွေက သွေးနီဥထဲမှာ သွားပြီးတော့ အောင်းတာ။ အောင်းတဲ့အခါကျတော့ သွေးနီဥက ပုံမှန်သွေးနီဥ မဟုတ်တော့ဘူး။ ပုံမှန်မဟုတ်တဲ့ တခြားအကောင်တွေက သူ့ထဲလာဝင်ရင် သွေးနီဥတွေက ပေါက်ကွဲတာ။ ရောဂါ ပိုဆိုးလာနိုင်ပြီပေါ့။ အသက်ငါးနှစ်အောက် ကလေးတွေရဲ့ ၇၅ ရာခိုင်နှုန်းက သွေးအားနည်းရောဂါ ခံစားနေရတယ်ဆိုတာ ယောကျ်ားလေးရော မိန်းကလေးပါ ဖြစ်နေတာကို တွေ့ရတယ်” ဟု ဒေါက်တာသင်းနိုင်ဦးက ပြောကြားသည်။

မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ အသားအရေဖြူရော်ခြင်း၊ အသက်ရှူရခက်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းနှင့် ဆံပင်ကျွတ်ခြင်း စသည့်အချက်များမှာ သွေးအားနည်းသည့် လက္ခဏာဆောင်နေပြီး ယင်းရောဂါကို ဂရုမပြုမိပါက နှလုံးရောဂါပါ ဝင်လာနိုင်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် သံဓာတ်ချို့တဲ့ သွေးအားနည်းပါက သန္ဓေသား ပေါင်မပြည့်ခြင်း၊ ကျန်းမာခြင်းမရှိသော လမစေ့သည့် ကလေးမွေးဖွားခြင်း၊ ကလေးဦးနှောက်ကောင်းစွာ မဖွံ့ဖြိုးခြင်း၊ အာရုံကြောစနစ် ချို့ယွင်းခြင်း စသည့်အချက်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent