ဘင်္ဂါလီ မွတ်စလင်အရေးနှင့်ပတ်သက်၍ လျှို့ဝှက်စွာသဘောတူညီထားသော ကုလသမဂ္ဂ-မြန်မာ နားလည်မှုစာချွန်လွှာ ပြင်ပသို့ပေါက်ကြားခဲ့ပြီး ရိုက်တာသတင်းဌာန ဖော်ပြ

ဘင်္ဂါလီ မွတ်စလင်အရေးနှင့်ပတ်သက်၍ လျှို့ဝှက်စွာသဘောတူညီထားသော ကုလသမဂ္ဂ-မြန်မာ နားလည်မှုစာချွန်လွှာ ပြင်ပသို့ပေါက်ကြားခဲ့ပြီး ရိုက်တာသတင်းဌာန ဖော်ပြ
Published 30 June 2018

 

ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ လျှို့ဝှက်စွာ သဘောတူညီထားသော ကုလသမဂ္ဂ-မြန်မာ နားလည်မှုစာချွန်လွှာ ပြင်ပ သို့ ပေါက်ကြားခဲ့ပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ရာတွင် မြန်မာနိုင်ငံသို့ ပြန်လာမည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအတွက် နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် နိုင်ငံတစ်လွှား၌ လွတ်လပ်စွာ သွားလာခွင့်တို့အား အာမခံထားခြင်းမရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်များ မိမိသဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လာခွင့်ရရန် ရည်ရွယ်လျက် မေလအကုန်တွင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံနှင့် အကြမ်း ဖျင်းသဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဇွန် ၂၉ ရက်တွင် ရိုက်တာသတင်းဌာနသည် ကုလသမဂ္ဂနှင့် မြန်မာအာဏာပိုင်များ အကြား သဘောတူညီထားသည့် နားလည်မှုစာချွန်လွှာ မိတ္တူတစ်စောင်ကို ရရှိခဲ့ခြင်းဖြစ် ပြီး ယင်းနားလည်မှုစာချွန်လွှာ မူကြမ်းသည် အွန်လိုင်းသို့လည်း ပေါက်ကြားခဲ့သည်။

မြန်မာနိုင်ငံသို့ပြန်လာမည့် ဒုက္ခသည် များ၏ နိုင်ငံသားဖြစ်ခွင့်နှင့် လူ့အခွင့်အရေးများသည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်စဉ်အတွင်း ပါဝင်ခဲ့သည့် အဓိက အချက်များဖြစ်သည်။

ယင်းနားလည်မှုစာချွန်လွှာတွင် “ပြန်လာသူများသည် တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရခိုင်ပြည်နယ်ရှိ အခြားမြန်မာနိုင်ငံသားများအားလုံးကဲ့သို့ တူညီသည့် ခရီးသွားလွတ်လပ်ခွင့် ရရှိရမည်”  ဟု ဖော်ပြထားသည်။

သို့သော် ရခိုင်ပြည်နယ် နယ်နိမိတ်များကို ကျော်လွန်၍ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အာမခံခြင်း သို့မဟုတ် ဘင်္ဂါလီမွတ်စလင်များအား ယခုလက်ရှိ၌ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို တားဆီးထားသည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ကိုင်တွယ်ထားခြင်းတို့ မရှိကြောင်း ရိုက်တာက တွေ့ရှိခဲ့သည့် နားလည်မှုစာချွန်လွှာ စာသားများအရ သိရသည်။

သဘောတူညီချက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်အတွက် အခြေခံလူ့အခွင့်အရေးများကို အာမခံရန် ပျက်ကွက်သည်ဟု ဒုက္ခသည်ခေါင်းဆောင်များနှင့် လူ့အခွင့်အ ရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။

“အဲဒီအတိုင်းဆိုရင် ရခိုင်ပြည်နယ်ကို ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တွေ ပြန်လာတာ လူမျိုးရေးခွဲခြားတဲ့ ပြည်နယ်တစ်ခုကို ပြန်လာရတာပါပဲ။ အဲဒီမှာ သူတို့ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိဘူး၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ သူတို့အလုပ်အကိုင်အတွက် မှီခိုနေရတဲ့နေရာတွေကို သွားနိုင်ဖို့ ကြိုးစားရုန်းကန်နေရတယ်” ဟု အပြည် ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး လော်ရာဟိုက်က ပြောကြားခဲ့သည်။

သူက “ဒါကို အပြောင်းအလဲဖြစ်စေမယ့် အာမခံချက်တွေ ပေးထားတာ ဒီစာချွန်လွှာ မှာ ဘာမှ မတွေ့ရပါဘူး” ဟုလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်သော UNHCR က အစိုးရနှင့် ပူး ပေါင်းဆောင်ရွက်ရေးအတွက် မူဘောင်တစ် ရပ်ထူထောင်ရန် ပထမဆုံးနှင့် လိုအပ်သော ခြေလှမ်းဟု ယခင်က ခေါ်ဆိုခဲ့သည်။

ရိုက်တာသတင်းဌာနသည် ၎င်းတို့ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာပါ အချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့နှစ်ဖွဲ့က ရင်းမြစ်များဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ရိုက်တာသတင်းဌာနမှ တွေ့ရှိခဲ့သည့် မေ ၃၀ နားလည်မှုစာချွန်လွှာမူကြမ်းသည် ယင်းကို လက်မှတ်မရေးထိုးမီ တစ်ရက်အလို က ရေးသားထားခြင်းဖြစ်သည်။ သို့သော် အဓိကကဏ္ဍများကို ဖော်ပြထားမှုများသည် ရိုက်တာသတင်းဌာနက တွေ့ရှိခဲ့သည့် သံတမန်များနှင့် NGO တို့အတွက် UNHCR က အကျဉ်းချုပ်ပြောကြားခဲ့သော နောက်ခံတစ်ရပ်နှင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များထံသို့ ဖြန့်ချိခဲ့သည့် သဘောတူညီချက်အပေါ် ရှင်းပြထားသော UNHCR မှ စာတစ်စောင်နှင့်လည်းကောင်း ကိုက်ညီနေသည်ဟု ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အား ယခုကိစ္စ နှင့်ပတ်သက်၍ မှတ်ချက်တောင်းခံရန် ရိုက်တာသတင်းဌာနက ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြောင်း သိရသည်။ ၎င်းအပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးအား ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မှတ်ချက်ပေးပိုင်ခွင့်မရှိကြောင်းနှင့် အမြဲတမ်းအတွင်းဝန်ထံသို့သာ ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့သည်။ အဆိုပါ အမြဲတမ်းအတွင်းဝန်ထံသို့ ရိုက်တာသတင်းဌာနက ဖုန်းခေါ်ဆိုခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent