ရန်ကုန်မြို့တွင် အဆင့်မြင့်လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၂၀၀၀၀ ကျော်ရှိလာပြီး ငှားရမ်းမှုနှုန်း အနည်းငယ်ကျဆင်းလာသော်လည်း လာမည့်သုံးနှစ်အထိ နှစ်စဉ်ပျမ်းမျှငှားရမ်းခမြင့်တက်မည်ဟု မျှော်မှန်း

ရန်ကုန်မြို့တွင် အဆင့်မြင့်လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၂၀၀၀၀ ကျော်ရှိလာပြီး ငှားရမ်းမှုနှုန်း အနည်းငယ်ကျဆင်းလာသော်လည်း လာမည့်သုံးနှစ်အထိ နှစ်စဉ်ပျမ်းမျှငှားရမ်းခမြင့်တက်မည်ဟု မျှော်မှန်း
Published 20 June 2018

အဆင့်မြင့် လက်လီအရောင်းနေရာများ ပါဝင်သော ရန်ကုန်မြို့လယ်ရှိ Junction City ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့တွင် အဆင့်မြင့်လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၂၀၀၀၀ ကျော်ရှိလာပြီး ငှားရမ်းမှုနှုန်းအနည်းငယ် ကျဆင်းလာသော်လည်း လာမည့်နှစ်နှစ်မှသုံးနှစ်အထိ နှစ်စဉ်ပျမ်းမျှငှားရမ်းခများ မြင့်တက်မည်ဟုမျှော်မှန်းကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။

၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း အဆင့်မြင့်လက်လီအရောင်းနေရာသစ်ထွက်ရှိမှု စတုရန်းမီတာ ၁၆၀၀၀ ထွက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၁၈ ခုနှစ် လက်ကျန်ကာလအတွင်း လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၇၁၀၀၀ အထိ ထပ်မံထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ငှားရမ်းမှုနှုန်းသည် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၉၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့် အဆောက်အအုံသစ်များ ထပ်မံပေါ်ထွက်လာမှုနှင့်အတူ လက်လီဈေးဝယ်စင်တာအသစ်များ တိုးပွားလျက်ရှိပြီး နောက်ဆုံးဈေးကွက်ဝင်မှုမှာ Golden City Retail ၊ Min Ye Kyaw Swar Tower ၊ Super One ၊ Ocean Super Centre တို့ဖြစ်သည်။ မြို့ပြပိုဆန်လာသည့် ရန်ကုန်မြို့အတွင်း ထပ်မံပေါ်ထွက်လာမည့် ဈေးဝယ်စင်တာများအနေဖြင့် လူအများစိတ်ဝင်စားနိုင်မည့် တီထွင်ဖန်တီးမှု အသစ်များ၊ ဝန်ဆောင်မှုအသစ်များထည့် သွင်းနိုင်ရန် အားထုတ်ရမည်ဖြစ်သည်။ မတူကွဲပြားသော အစားအသောက်ရောင်းချသည့် နေရာများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စိတ်အပန်းပြေစေသည့် လုပ်ငန်းများသည်အနာ ဂတ်ဈေးဝယ်စင်တာများအတွက် အခွင့်အလမ်း တိုးမြင့်စေမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် ငှားရမ်းဖွင့်လှစ်ထားသောဆိုင်ခန်းများတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များက ၁၈ ရာခိုင်နှုန်း၊  Special Store ဆိုင်များက ၉ ရာခိုင်နှုန်း၊ ကျန်းမာရေး၊ အလှအပရေးရာဆိုင်များက ၇ ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

မကြာကာလအတွင်း ရန်ကုန်မြို့၌ ဈေးဝယ်စင်တာအသစ်များအဖြစ် Htike Sin Co.,Ltd မှတည်ဆောက်သည့် Golden Link ၊ Crown Roffing Co.., မှ တည်ဆောက်သည့် Space@ Yankin ၊ Creation Myanmar Group မှတည်ဆောက်သည့် The One Shopping Mall ၊ Anawmar Art Group မှ တည်ဆောက်သည့် Secretariat Retail တို့ဈေးကွက်ဝင်လာမည်ဖြစ်ပြီး စတုရန်းမီတာ ၇၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားသည်။

မြို့ပြနှင့် လျော်ညီသောဈေးဝယ်ပုံစံကို ပြောင်းလဲနေခြင်းကြောင့် ဈေးဝယ်စင်တာအသစ်များ ပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူ များပြားလျက်ရှိသည်။ ဈေးဝယ်စင်တာအသစ်များလည်း ပုံမှန်ဆက်လက်ဖွင့်လှစ်နေပြီး လာမည့်နှစ်နှစ်အတွင်း စတုရန်းမီတာ ၇၀၀၀၀ ခန့်ထပ်မံထွက်ပေါ်လာမည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် အသစ်ထွက်ရှိမှုနှုန်းကျဆင်းလာမည် ဖြစ်သည်။

အဆင့်မြင့်လက်လီ အရောင်းနေရာငှားရမ်းမှုနှုန်းထားအနေဖြင့်လည်း ရာခိုင်နှုန်း ၉၀ ဝန်းကျင်ရှိနေပြီး ပျမ်းမျှငှားရမ်းခနှုန်းထားမှာလည်း တစ်စတုရန်းမီတာလျှင် ၃၂ ဒေါ်လာဝန်းကျင်ရှိပြီး၂၀၁၇ ခုနှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက သုံးဒေါ်လာခွဲခန့် ကျဆင်းခဲ့သည်။  ဈေးဝယ်စင်တာအသစ်များ ဆက်လက်ထွက်ပေါ်လာသော်လည်း ငှားရမ်းလို သူများပြားသောကြောင့် လာမည့်နှစ်နှစ်မှ သုံးနှစ်အထိ အဆင့်မြင့်လက်လီအရောင်း နေရာငှားရမ်းခနှုန်းထားများ လေးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းဝန်းကျင် ဆက်လက်မြင့်တက်မည်ဟု သုံးသပ်ထားသည်။

Most Read

Most Recent