ဘတ်ဂျက်ရေးဆွဲရာတွင် နိုင်ငံခြားသုံးငွေခွင့် မပြုတော့ဘဲ လိုအပ်သည့်နိုင်ငံခြားငွေကို ဈေးကွက်မှရှာဖွေသည့်ပုံစံ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျုဟာတွင် ဖော်ပြ

ဘတ်ဂျက်ရေးဆွဲရာတွင် နိုင်ငံခြားသုံးငွေခွင့် မပြုတော့ဘဲ လိုအပ်သည့်နိုင်ငံခြားငွေကို ဈေးကွက်မှရှာဖွေသည့်ပုံစံ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျုဟာတွင် ဖော်ပြ
Published 19 June 2018

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်ရှိ ငွေလဲကောင်တာတစ်ခုတွင် အရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဘတ်ဂျက်ရေးဆွဲရာတွင် နိုင်ငံခြားသုံးငွေခွင့်မပြုတော့ဘဲ လိုအပ်သည့်နိုင်ငံခြားငွေကို ဈေးကွက်မှရှာဖွေသည့် ပုံစံပြင်ဆင်ရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာတွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိဘတ်ဂျက်ရေးဆွဲသည့်ပုံစံမှာ နိုင်ငံခြားငွေရရှိသုံးစွဲမှုများအတွက် နိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်ငွေကို ဘတ်ဂျက်တွင် လျာထားခြင်းဖြစ်သော်လည်း ပြည်တွင်း၌ နိုင်ငံခြားသုံးငွေဈေးကွက် ဖွံ့ဖြိုးခြင်းမရှိသေး၍ အစိုးရထံမှ နိုင်ငံခြားသုံးငွေကို တောင်းခံသုံးစွဲနေရသည့် ပုံစံဖြစ်ပြီး အဆိုပါ အခြေအနေကိုပြင်ဆင်ရန် ပြည်တွင်း နိုင်ငံခြားသုံး ငွေဈေးကွက်မှာလည်း ဖွံ့ဖြိုးရန် လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွင် ဖော်ပြထားသည်။

“လိုအပ်တဲ့ပစ္စည်းတွေ၊ ယန္တရားတွေ ဝယ်တဲ့အခါကျတော့ နိုင်ငံခြားငွေနဲ့ပဲ ရှင်းရတာကိုး။ နိုင်ငံခြားငွေနဲ့ ရှင်းတဲ့အခါ ဘာပဲပြောပြော အစိုးရရဲ့ဘဏ္ဍာငွေ၊ ဘတ်ဂျက်ထဲကပဲ သုံးရတာတွေရှိနိုင်တယ်။ အဲဒီလိုကျတော့ ဘယ်လိုပုံစံ ငွေပေးငွေယူရှင်းတမ်းတွေ လုပ်မလဲ။ နိုင်ငံခြားငွေဆိုတာက ပြည်ပပို့ကုန်တွေ (ကုန်စည်တွေဝန်ဆောင်မှုတွေ) က ရတာပေါ့။ သူများနိုင်ငံတွေကျတော့ ဒီနှစ်မျိုးတည်းနဲ့ မကတော့ဘူး။ မျိုးစုံရှိတယ်။ အစုရှယ်ယာဝယ်ယူတာမျိုး အကျိုးအမြတ်တွေ ရတာပေါ့။ ကျွန်တော်တို့က အဲဒီအဆင့်ကို မရောက်သေးဘူး။ ကျွန်တော်တို့က ဝန်ဆောင်မှုဆိုတာတောင် ဝန်ဆောင်မှုက မြင့်မြင့်မားမား ရနိုင်တာမရှိသေးဘူး။ ကုန်စည်ကပဲရနေ သေးတယ်။ အဲဒီကုန်စည်တွေမှာကိုတောင် သယံဇာတဝင်ငွေတွေပဲ ရှိနေသေးတယ်။ အဲဒီလို ငွေတွေကိုသုံးမယ်ဆိုရင် ဝန်ကြီးဌာနတွေအနေနဲ့လည်း သေသေချာချာစဉ်းစားဖို့ လိုတယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။

လက်ရှိအစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေများ စံချိန်တင်မြင့်မားနေပြီး ယခင်အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း လိုငွေ ကျပ် ဘီလျံ ၈၀၂၈ သာ ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ကနဦး စာရင်းများအရ လိုငွေမှာ ကျပ်ဘီလျံ ၁၀၀၀၀ ကျော်အထိ ဖြစ်ပေါ်နေသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်၏ ခြောက်လတာဘတ်ဂျက်တွင် နိုင်ငံခြားငွေ အသုံးစရိတ်များအတွက် ငွေကြေးလဲလှယ်နှုန်းကို ဈေးကွက်တွင် မဖြစ်ပေါ်ခဲ့သည့် နှုန်းထားများဖြစ်သည့် တစ်ဒေါ်လာ ကျပ်  ၁၃၈၀ ဖြင့်ရေးဆွဲထားမှုမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ် အကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပြီး အဆိုပါနှုန်းထားကို ဈေးကွက်တွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သည့် နှုန်းထားကိုသာ အခြေခံတွက်ချက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်အကြံပြုထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကနဦးဘတ်ဂျက်လိုငွေမှာ မူလခန့်မှန်းခြေတွင် ကျပ် ၃၉၈၉ ဘီလျံကျော်သာရှိခဲ့သော်လည်း ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေမှာ ကျပ် ၃၉၉၅ ဘီလျံကျော်အထိ မြင့်တက်လာသည့်အပြင် ဖြည့်စွက်တောင်းခံသည့် ထပ်တိုးဘတ်ဂျက်မှာ ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်ပြီး ဖြတ်တောက်နိုင်မှုမှာ  ဘီလျံ ၇၀ ခန့်သာဖြစ်သဖြင့် လက်ရှိဘဏ္ဍာနှစ် လိုငွေမှာ ကျပ်  ၆၄၇၀ဘီလျံ နီးပါး ဖြစ်ပေါ်နေပြီး ၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ကျပ် ၁၀၆၇၇ ဘီလျံ ကျော်တောင်းခံခဲ့သည့်အနက် ကျပ် ၁၃၀ ဘီလျံကျော် လျှော့ချထားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်တွင် အစီရင်ခံစာ တင်သွင်းခဲ့သဖြင့် ခြောက်လတာ အသုံးစရိတ်အတွက် ကျပ် ၁၀၅၄၇ ဘီလျံကျော်ရှိနေကြောင်း သိရသည်။

Most Read

Most Recent