ဆေးရုံသုံး စက်ပစ္စည်များ ပျက်စီးပါက ပြင်ဆင်စရိတ် တောင်းသလောက် ပေးနေရပြီး ဂျပန်အကူအညီဖြင့် သင်ကြားမှုများ ပြုလုပ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးရုံသုံး စက်ပစ္စည်များ ပျက်စီးပါက ပြင်ဆင်စရိတ် တောင်းသလောက် ပေးနေရပြီး ဂျပန်အကူအညီဖြင့် သင်ကြားမှုများ ပြုလုပ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 15 June 2018

ဆေးရုံသုံး စက်ပစ္စည်းများ ပျက်စီးပါက ပြင်ဆင်စရိတ် တောင်းသလောက် ပေးနေရပြီး ဘာမှမသိသည့်အတွက် ဂျပန်အကူအညီဖြင့် သင်ကြားမှုများ ပြုလုပ်နေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန် ၁၄ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ တက္ကသိုလ်ဝန်းအတွင်း ပြုလုပ်သော “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်းဆွေးနွေးပွဲ” တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် ဆွေးနွေးသူ တစ်ဦးက မွန်ပြည်နယ်တွင် CT Scan (ဓာတ်မှန်ရိုက်ခြင်း) ပျက်စီးနေသည့်အတွက် လူငယ်များ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် ဆွေးနွေမေးမြန်းရာတွင် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မော်လမြိုင်မြို့မှာ CT Scan ပျက်နေတယ်ဆိုပြီး သိန်း ၃၇၀ တောင်းပါတယ်။ သိန်း ၃၇၀ တောင်းတဲ့ဟာသည် နည်းနည်းကြာမှ ဗဟိုကို ရောက်လာတယ်။ ကျွန်တော့်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ ဆရာ သိန်း ၃၇၀ တောင်းထားတာ မရသေးဘူလား။ ကျွန်တော်ပေးလိုက်ပါတယ်။ သို့သော် ဒီမှာ ဘာကြည့်လဲဆိုတော့ ပြင်ဆင်စရိတ်သည် ပြင်တဲ့သူက သိန်း ၇၀၀ တောင်းရင်လည်း ပေးရမှာ။ သိန်း ၈၀၀ တောင်းရင်လည်း ပေးရမယ်။ ကျွန်တော်တို့ ဘာမှမသိပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အရင်အပတ်ကပဲ ဂျပန်နိုင်ငံ OKAYAMA University ကလာပြီး Diploma Medical Engineering ဂျပန် ပါမောက္ခတွေ ကိုယ်တိုင် လာရောက်သင်တယ်။ ကျွန်တော်တို့ဆီက ၁၈ ယောက် တက်နေတယ်”ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါ တက်ရောက် သင်ကြားနေသည့် လူငယ် ၁၈ ယောက်မှာ BE Electrical Electronic ၊ BE Mechanical စသည့်တို့ ဖြစ်ပြီး ယင်းလူငယ်များသည် သင်တန်းပြီးစီးပါက ဆေးရုံ၊ ဆေးခန်းများရှိ စက်များကို ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် စက်ပစ္စည်း ပြင်ဆင်စရိတ်သည် တစ်နှစ်လျှင် အများအပြား ကုန်ကျမှုရှိပြီး တောင်းသလောက် ပေးနေရကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ တစ်နှစ် တစ်နှစ်ကို စက်ပစ္စည်း ပြင်ဆင်စရိတ်တွေက အများကြီးကုန်တယ်။ တောင်းသလောက် ပေးနေရတယ်။ မပေးရင်လည်း CT Scan မရိုက်လို့ လူနာသေသွားရင် ကျွန်တော်တို့ ဒုက္ခရောက်မယ်။ CT Scan အကုန်လုံးကို ဖြစ်တဲ့အတွက် အရင်အပတ်က မေမြို့မှာ ပြည်နယ်နှင့် တိုင်းဦးစီးမှူးများ အားလုံးကို ခေါ်ပြီးတွေ့ပါတယ်။ သူတို့ကို လုပ်ပိုင်ခွင့်ဆိုရင် စီမံခန့်ခွဲရေး ငွေသုံးစွဲရေးကို ကျွန်တော် အများကြီးပေးလိုက်ပါတယ်။ ဒီ ၃၇၀ ကိစ္စမှာ ပြည်နယ် တိုင်းဦးစီးမှူးကိုသာ ဆုံးဖြတ်လိုက်ရင် တစ်ရက်အတွင်း ပိုက်ဆံ ထုတ်ပေးလို့ ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

“ယာဉ်မတော်ဆမှု ဖြစ်တဲ့လူနာ ဆေးရုံကို လာတယ်။ CT Scan ပျက်တယ် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ဒီနေရာမှာ မေတ္တာရပ်ခံချင်တာက ယာဉ်မတော်တဆ လူနာတစ်ယောက် ဦးထုပ်မဆောင်းဘဲ ဆေးရုံ ရောက်လာတယ်။ ခေါင်းကို ထိခိုက်ရင် ဦးနှောက်ခွဲစိတ် ဆရာဝန်၊ အခြားနေရာမှာ တစ်ခုခုဖြစ်သွားရင် အထွေထွေ ခွဲစိတ်ကုဆရာဝန် လိုတယ်။ အရိုးကျိုးရင် အရိုးကုဆရာဝန် နဲ့ ပြရမယ်။ ခွဲစိတ်ဖို့လိုရင် ခွဲစိတ်ရမယ်။ System အလုပ်ရှုပ်မယ်။ သူနာပြုတွေ အလုပ်ရှုပ်မယ်။ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် တိုင်းပြည်မှာလည်း အရမ်းပိုက်ဆံ အကုန်အကျများမယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent