အချို့ဘင်္ဂါလီများသည် နိုင်ငံသားအခွင့်အရေးကို အသုံးပြုရန်အတွက် မသမာသောဝန်ထမ်းအချို့နှင့်ပူးပေါင်းပြီး ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်လာသည်ကို ကြားသိရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အချို့ဘင်္ဂါလီများသည် နိုင်ငံသားအခွင့်အရေးကို အသုံးပြုရန်အတွက် မသမာသောဝန်ထမ်းအချို့နှင့်ပူးပေါင်းပြီး ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်လာသည်ကို ကြားသိရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 14 June 2018

အချို့သော ဘင်္ဂါလီများသည် နိုင်ငံသားအခွင့်အရေးကို အသုံးပြုရန်အတွက် မသမာသော ဝန်ထမ်းအချို့နှင့် ပူးပေါင်းကာ ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်လာသည်ကို ကြားသိရကြောင်း ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

နေပြည်တော်၌ ဇွန် ၁၃ ရက်က ပြုလုပ်သော  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် ကမန်လူမျိုး လူဦးရေ စုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေ မည်မျှရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကမန်တို့ဟာ တိုင်းရင်းသားမျိုးနွယ်စု အဖြစ်ရရှိထားတဲ့ အခွင့်အရေးကို အသုံးပြုပြီးတော့ မြန်မာနိုင်ငံအနှံ့ သွားလာနေထိုင်ခွင့် ရရှိထားသူတွေ ဖြစ်ကြပါတယ်။ တချို့သော ဘင်္ဂါလီတွေဟာ နိုင်ငံသားအခွင့်အရေးကို အသုံးပြုဖို့အတွက် မသမာတဲ့ဝန်ထမ်းအချို့နဲ့ ပူးပေါင်းပြီး ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်လာနေကြတာကိုလည်း ကြားသိနေရပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

ဒေါ်ခင်စောဝေ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာန အနေဖြင့် ကမန်လူမျိုးများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် အခြားလူမျိုးများနှင့် မှားယွင်းမှုမရှိစေရေး၊ မိဘဘိုးဘွား အထောက်အထားများဖြင့် စနစ်တကျ သေချာစွာစိစစ်၍ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအချို့၏ မသမာမှုကြောင့်ဖြစ်စေ၊ ကာယကံရှင်အချို့၏ လိမ်လည်လျှောက်ထားမှုကြောင့်ဖြစ်စေ ကမန်လူမျိုးမဟုတ်သူများကို ကမန်လူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုများ စိစစ်တွေ့ရှိမည်ဆိုပါက ကတ်ပြားများ ပြန်လည်သိမ်းဆည်းခြင်း ကာယကံရှင်များအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းနှင့် ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကိုလည်း ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းနှင့်အညီ ထိရောက်စွာ အရေးယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့် စိစစ်ပြီး ရသင့်ရထိုက်သူများအနေဖြင့် နိုင်ငံသားဖြစ်မည်ကို ကန့်ကွက်စရာ လုံးဝမရှိသော်လည်း ကမန်လူမျိုးစုဝင်အဖြစ် သတ်မှတ်လိုက်ပါက အလိုအလျောက် တိုင်းရင်းသား ဖြစ်သွားခြင်းသည် စိုးရိမ်စရာကောင်းသော အချက်ဖြစ်ပြီး တိုင်းရင်းသားဆိုသည်မှာ ဥပဒေအရ  နှစ် ၁၀၀ နေထိုင်သော်လည်း အခွင့်အလမ်းမရှိဘဲ နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်သာရှိကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ၁၃၅ မျိုးရှိကြောင်းသိရပြီး ရခိုင်တိုင်းရင်းသားအုပ်စုတွင် ကမန်အပါအဝင် လူမျိုးစုခုနစ်စု ပါဝင်ကြောင်း ထုတ်ပြန်ထားရှိထားကာ ကမန်များကို တိုင်းရင်းသားအဖြစ် မည်သို့သော စံနှုန်းသတ်မှတ်ချက်များဖြင့် မည်သည့်ကာလက စတင်သတ်မှတ်ခဲ့သည်ကို တိတိကျကျ မသိရှိခဲ့ရကြောင်းနှင့်၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားဆိုသည့် ကမန်လူဦးရေကို မဖော်ပြနိုင်ခဲ့ခြင်းသည် အထူးအားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး ကမန်လူမျိုး လူဦးရေစာရင်းကို နောင်တွင် အငြင်းပွားမှု မဖြစ်ရအောင် စနစ်တကျ မှတ်တမ်းတင်ထားရန် မလွဲမသွေလိုအပ်နေကြောင်း ဒေါ်ခင်စောဝေက  ထောက်ပြပြောကြားသည်။

ထို့ပြင် ကမန်များသည် ရခိုင်တွင် အစဉ်အလာအရ နေထိုင်လာခဲ့ကြသည်မှာ မှန်ကန်သော်လည်း ရခိုင်နှင့် ကမန်လူမျိုးတို့အကြား ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့်ကိုးကွယ်ရာ ဘာသာတို့သည် မတူညီကြဘဲ ကမန်လူမျိုးများသည် အစ္စလာမ်ဘာသာကိုးကွယ်ကြပြီး ရခိုင်ဘာသာစကားကို ပြောဆိုကြကာ ကမန်နှင့် ဘင်္ဂါလီတို့သည် ဓလေ့ထုံးစံကိုးကွယ်မှုနှင့် ယဉ်ကျေးမှုအရ ခွဲခြားမရအောင် တူညီမှုရှိကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘင်္ဂါလီအများစုသည် လုပ်ကမန်များဖြစ်နေကြောင်း၊ လုပ်ကမန် တရားမဝင်လုပ်နေပြီး လုပ်ကမန်များများလာကာ တိုင်းရင်းသားအဖြစ် ဆက်လက်ရပ်တည်နေကြကြောင်း၊ ကမန်လူဦးရေ အတိအကျ စာရင်းထုတ်ပြန်ရန် ဝန်ကြီးဌာနတွင် တာဝန်ရှိသည်ဟုယူဆကြောင်း၊ မည်သည့် ရက်၊ အချိန်၊ ခုနှစ်တွင် တိတိကျကျစာရင်းကို ထုတ်ပြန်နိုင်မည်ကို သိရှိလိုကြာင်း ဆက်စပ်မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအကြောင်းအရာ လူဦးရေအကြောင်းအရာ စာရင်းများကိုတော့ ကျွန်တော်တို့ဌာနမှာ အတိအကျ ရှိနေပါပြီ။ ထုတ်ပြန်ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်များရှိမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ကြေညာခြင်း မရှိသေးတာဖြစ်ပါတယ်။ မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး စိုးရိမ်သလို ကျွန်တော်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသားမဟုတ်တဲ့သူများကို နိုင်ငံသားဖြစ်ရေးအတွက်ကို အင်မတန် စိုးရိမ်ပါတယ်။ တာဝန်ရှိတဲ့သူတစ်ယောက် အနေနဲ့လည်း စနစ်တကျ ထိန်းသိမ်းကြပ်မတ် စောင့်ရှောက်နေပါတယ်။ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံး ကျေကျေလည်လည်ညှိနှိုင်းဆွေးနွေး၊ လူမျိုးစုများအားလုံး ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင်  ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မည်သည့်နေ့ရောက်မှ ထုတ်ပြန်မယ်ဆိုတာတော့ အခုချိန်အထိ ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း အမြန်ဆုံးထုတ်ပြန်နိုင်အောင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးတော့ ကြိုးစားလျက်ရှိပါတယ်”ဟု ဖြေကြားသည်။

Most Read

Most Recent