မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဇောင်းကလောကန်ဝန်းကျင်တွင် ဝင်ရောက်ကျူးကျော်သည်ဟုဆိုကာ နေထိုင်သူ ၂၁၉ ဦးအား ငါးမွေးမြူခွင့် လိုင်စင်ရရှိထားသူက ဖယ်ရှားထွက်ခွာစေလိုမှုဖြင့် တရားစွဲဆို

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဇောင်းကလောကန်ဝန်းကျင်တွင် ဝင်ရောက်ကျူးကျော်သည်ဟုဆိုကာ နေထိုင်သူ ၂၁၉ ဦးအား ငါးမွေးမြူခွင့် လိုင်စင်ရရှိထားသူက ဖယ်ရှားထွက်ခွာစေလိုမှုဖြင့် တရားစွဲဆို
Published 22 August 2017

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဇောင်းကလောကန်ဝန်းကျင်တွင် လာရောက်နေထိုင်သူ ၂၁၉ ဦးအား ကျူးကျော်သည်ဟုဆိုကာ ငါးမွေးမြူခွင့်လိုင်စင် ရရှိထားသူက ဖယ်ရှားထွက်ခွာစေလိုမှုဖြင့် မန္တလေးခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက် ကွင်းအမှတ် (၅၁၆-က) ဦးပိုင် အမှတ် (၁၅၆)၊ (က-၁၅၄/၁) နှင့် (ဃ-၁၅၄/ ၂) မြေကွက်များကို မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူးမှ ငါးမွေးမြူရန် တရားလိုဦးစိန်နှင့် ဦးမောင်ရွှေတို့နှစ်ဦးအား လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ စတင်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြေများပေါ်တွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှ စတင်ကာ ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ ဝင်ရောက်ကျူးကျော်၍ အိမ်ဆောက်လုပ်နေထိုင်သူ အိမ်ထောင်စု ၄၀၀ ကျော် ရှိလာခဲ့ရာ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် မဖြစ်နိုင်တော့ခြင်းကြောင့် ဥပဒေကြောင်းအရ အဆောက်အအုံများ ဖျက်သိမ်း ဖယ်ရှားထွက်ခွာစေလိုမှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု တရားလို ဦးစိန်ထံမှ သိရသည်။

ငါးမွေးမြူရေးလုပ်ကိုင်ခွင့်ရရှိသည့် ဧရိယာမှာ ၁၁ ဒသမ ၇၃ ဧကရှိပြီး ယင်းဧရိယာ အတွင်း၌ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း အပါအဝင် ဘုန်းကြီးကျောင်း ရှစ်ကျောင်းခန့်နှင့် အိမ်ထောင်စုအရေအတွက် မှာ ၄၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

“ငါးမွေးမြူခွင့်ရထားတဲ့ ၁၁ ဒသမ ၇၃ ဧကအတွင်းမှာ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါနေတဲ့အတွက် မြို့နယ်သံဃနာယက ကနေ ဦးတိုက်လျှောက်ထားပြီး ဖယ်ရှားပေးဖို့ စာပို့ထားပါတယ်။ လူဦးရေ အတိအကျကတော့ စာရင်းကောက်ယူမှုတွေအရ ကွဲလွဲမှုရှိနေပြီး အခု ၂၁၉ ဦးကို ဖယ်ရှားထွက်ခွာစေလိုမှု ရာဇသတ်ကြီးပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။ ငါးမွေးမြူရေးမလုပ်ကိုင်ရတာ ငါးနှစ်လောက်ရှိပါပြီ။ လုပ်ကိုင်ဖို့လုပ်တဲ့သူတွေကို ဓားနဲ့လိုက်ခုတ်တာမျိုးဖြစ်စဉ်တွေ ရှိခဲ့လို့ ပြည်ကြီးတံခွန်ရဲစခန်းမှာလည်း အမှုဖွင့်ထားပါတယ်” ဟု တရားလို ဦးစိန်က ပြောကြားသည်။

ယင်းသို့ တရားစွဲဆိုထားမှုကို မန္တလေးခရိုင် တရားရုံးတွင် သြဂုတ် ၂၁ ရက်က တရားစွဲဆိုခံရသူများအနက် တချို့ကို စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသူ ဦးစံသူက “ဒီနေရာက အရင်က ချုံတောကြီးပါ။ ဘာငါးမွေးမြူကန်မှ မရှိဘူး။ ၂၀၀၂ ခုနှစ် ကျွန်တော် စရောက်ကတည်းက ဘာငါးမွေးမြူရေးမှလည်း မလုပ်ခဲ့ပါဘူး။ အခုကျမှ ဖယ်ရှားပေးဖို့ တရားစွဲဆိုတာဖြစ်ပြီး တရားမစွဲခင်က ကျွန်တော်တို့ နေထိုင်လို့ မရအောင် ရေသွင်းတာတွေလုပ်တယ်။ မကျူးကျော်ဖို့ ဆိုင်းဘုတ်တွေထောင်တာပါ။ တကယ်က ရေကန်လည်းမရှိသလို ငါးမွေးမြူရေး လုပ်ကိုင်တာမျိုးလည်း မရှိဘူး” ဟု ပြောကြားသည်။

အဆိုပါ တရားစွဲဆိုမှုကို မန္တလေးခရိုင် တရားရုံးမှ စက်တင်ဘာ ၄ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent