ရန်ကုန်မြစ်အတွင်း အကြီးစားသောင်တူးဖော်ခြင်း လုပ်ငန်းကို Star High Asia Pacific ကုမ္ပဏီမှ ငါးနှစ်သက်တမ်းဖြင့် ဆောင်ရွက်ခွင့်ရရှိ

ရန်ကုန်မြစ်အတွင်း အကြီးစားသောင်တူးဖော်ခြင်း လုပ်ငန်းကို Star High Asia Pacific ကုမ္ပဏီမှ ငါးနှစ်သက်တမ်းဖြင့် ဆောင်ရွက်ခွင့်ရရှိ
Published 21 May 2018

ရန်ကုန်မြစ်အတွင်း အကြီးစားသောင်တူးဖော်ခြင်း လုပ်ငန်းကို Star High Asia Pacific 1 td ကုမ္ပဏီသည်မှ ငါးနှစ်သက်တမ်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

ရန်ကုန်မြစ်အတွင်း ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ရန် ခွင့်ပြုထားသော်လည်း ရေလမ်းကြောင်း တဖြည်းဖြည်းတိမ်ကောလာမှုကြောင့် ဒီရေတက်ချိန်ကိုစောင့်ပြီး ဝင်ထွက်သွားလာနေရကြောင်း သိရသည်။

ရန်ကုန်မြစ်ကြောင်းအတွင်း နေ့စဉ်သင်္ဘောဝင်ရောက်မှုမှာ အစီးရေ ၂၅၀ မှ ၃၀၀ ကြားတွင်ရှိသောကြောင့် ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ အဆင်ပြေစွာသွားလာနိုင်ရန် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သောင်တူးလုပ်ငန်းဆောင်ရွက်ရန် တင်ဒါအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ဒါခေါ်ယူခဲ့ပြီး Star High Asia Pacific 1 td က တင်ဒါအောင်မြင်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စာချုပ်ကာ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ တင်ဒါအောင်ကုမ္ပဏီက သင်္ဘောငှားရမ်းခေါ်ယူကာ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ တစ်နှစ်စာစာချုပ်အရ လုပ်ငန်းဆောင်ရွက်ရန် ဒေါ်လာ ၄ ဒသမ ၉၅ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ Star High Asia Pacific 1 td ကုမ္ပဏီသည် ယခုနှစ်မှစတင်ကာ ငါးနှစ်ကြာ ရန်ကုန်မြစ်အတွင်း သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိထားပြီး စာချုပ်ကို တစ်နှစ်တစ်ခုချုပ်ဆိုကာ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည်။

ရန်ကုန်မြစ်အတွင်းသို့ တန်ချိန်များသော ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ယခုနှစ်အတွက် အကြီးစားသောင်တူးသင်္ဘောဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား မေ ၁၄ ရက်မှစတင်ကာ တစ်လခွဲခန့် ပြုလုပ်သွားမည်ဖြစ်သည်။ ယခုသောင်တူးခြင်းလုပ်ငန်းတွင် အတွင်းစည်းခုံနေရာအား ၄ ဒသမ ၇ မီတာအနက်တူးပြီး အပြင်စည်းခုံနေရာအား ငါးမီတာအနက် တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြင်စည်းခုံနှင့် အတွင်းစည်းခုံဟုခေါ်ဆိုသည့် ရန်ကုန်မြစ်အတွင်း ရေတိမ်ပိုင်းနေရာနှစ်ခုတွင် ရန်ကုန်မြို့၏ အဓိကအချက်အချာကျရာ ဆိပ်ကမ်းများသို့ တန်ချိန်များသော ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် အကြီးစားသောင်တူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်သွားမည်ဖြစ်သည်။

အပြင်စည်းခုံနေရာသည် ရန်ကုန်မြစ်ပေါက်ကြီး၏ အပြင်ဘက်နားတွင် တည်ရှိကာ၊ အတွင်းစည်းခုံနေရာသည် ရန်ကုန်သန်လျက်စွန်းတွင် တည်ရှိကြောင်း သိရသည်။ အတွင်းစည်းခုံနေရာသည် ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်တို့ ပေါင်းဆုံရာနေရာဖြစ်ခြင်းကြောင့် နုန်းအနည်ပို့ချမှုများပြီး နွေရာသီကာလအတွင်း ရေစူးအနက် သုံးမီတာကျော်မျှသာရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သောင်တူးသင်္ဘောအငယ်စားဖြင့် အမြဲမပြတ်စောင့်ကြည့် တူးဖော်ပေးနေရသော နေရာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent