ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အချို့တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ မြေဈေးကစားရန် ဝယ်ယူထားသည့် မြေများစာရင်းကို ကောက်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အချို့တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ မြေဈေးကစားရန် ဝယ်ယူထားသည့် မြေများစာရင်းကို ကောက်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ပြောကြား
Published 17 May 2018

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်မှုဇုန်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် အချို့တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ မြေဈေးကစားရန် ဝယ်ယူထားသည့် မြေများစာရင်းကို ကောက်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

မေ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၈ ရက်မြောက်နေ့) တွင် ဒေါ်နီလာကျော်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ ဒဂုံအရှေ့စက်မှုဇုန်ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထိုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းတွင် စက်မှုဇုန် ၂၉  ခုရှိပြီး အဆိုပါစက်မှုဇုန် ၂၉ ခုစလုံးသည် မူလစက်မှုဇုန်များ စတင်တည်ထောင်စဉ်ကတည်းက စက်မှုဇုန်ဥပဒေ၊ စည်းမျည်းစည်းကမ်းများဖြင့် စနစ်တကျ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း မရှိဘဲ  ၁/ ၉၇ ဆိုသည့် ညွှန်ကြားချက်တစ်ခုတည်းဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြေကွက်များကို အကွက်ခွဲပြီး ရောင်းချခဲ့သည့်ပုံစံဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။

“ဒါကြောင့်မို့လို့ ယခုအခါမှာ စက်မှုဇုန်တွေဟာ Infrastructure တွေ လုံးဝမပြည့်စုံဘဲနဲ့ ရေသန့်ရရှိရေး၊ ရေဆိုးစွန့်ပစ်ရေး၊ အမှိုက်စွန့်ပစ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လုပ်ငန်းတွေအားလုံးဟာ စနစ်တကျမရှိဘဲနဲ့  တချို့က ဒီစက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်ဖို့ မဟုတ်ဘဲ မြေဈေးကစားဖို့နဲ့ ဈေးကောင်းတဲ့ ဒီမြေတွေကို ပြန်လည်ရောင်းချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကွက်တွေရယူထားပြီး အသုံးမပြုတဲ့အတွက် ကျွန်မတို့ ဒီစာရင်းတွေကိုလည်း အားလုံးကောက်ခံ ထားပြီးဖြစ်ပါတယ်။ အဲ့ဒီမြေလွတ်နေရာတွေမှာ လုံးဝလွတ်နေတဲ့ မြေကွက်တွေ၊ ခြံစည်းရိုးလောက်ပဲ ခတ်ထားတာ သို့မဟုတ်ရင် အဆောက်အအုံဆောက် ပြထားပြီးတော့ အဲဒီအဆောက်အအုံကို စနစ်တကျ အသုံးချခြင်းမရှိဘဲ ဆောက်ပြရုံပဲ ဆောက်ပြတာဒါတွေ အများကြီးဖြစ်ပေါ်နေတဲ့အတွက် အားလုံးကိုလည်း စာရင်းကောက်ထားပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းကြောင့် အဆိုပါစက်မှုဇုန် ၂၉ ခု စလုံးအား အဆင့်မြှင့်တင်နိုင်ရန် စက်မှုဇုန် အဆင့်မြှင့်တင်ရေး ကြီးကြပ်ကော်မတီကို ဖွဲ့စည်းထားကြောင်း၊ သက်ဆိုင်ရာဇုန်အသီးသီးရှိ ဇုန်ကော်မတီများကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ကျူးကျော်မရှိသည့် ဒဂုံတောင်စက်မှုဇုန်ကို ပိုင်းလော့ပရောဂျက်အနေဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။

“စက်မှုဇုန် ၂၉ ခုစလုံး အဆင့်မြှင့်တင်ဖို့အတွက် စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဇုန်ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ဇုန်ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားဖို့မှာ အားလုံးဇုန်တစ်ခုချင်းအလိုက်မဟုတ်ဘဲနဲ့ နီးစပ်ရာဇုန်တွေကို အားလုံးပေါင်းစပ်ပြီးတော့ စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်ကော်မတီမှတဆင့် ကျွန်မတို့ One Stop Service တွေဖြစ်လာအောင်နဲ့ အစိုးရနဲ့ ပုဂ္ဂလိက,က နေပြီးတော့ Service လုပ်မဲ့ကုမ္ပဏီကို သီးခြားထားပြီး ကျွန်မတို့အနေနဲ့ ကော်မတီမှ ကြီးကြပ်အုပ်ချုပ်ဖို့နဲ့ အဲဒီလို ကျွန်မတို့အနေနဲ့ စီစဉ်ဆောင်ရွက်ဖို့ကို ဇုန်ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တဲ့အတွက် လတ်တလောမှာ လက်ရှိ ရှိနေတဲ့ဇုန်ကော်မတီ တွေအားလုံးကို ပြန်လည်ဖွဲ့စည်းခြင်းမပြုဘဲနဲ့ ကျွန်မတို့အနေနဲ့ ဆိုင်းငံ့ထားခြင်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကျွန်မတို့ဇုန်ကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့နဲ့ စက်မှုဇုန် အဆင့်မြှင့်တင်ဖို့အတွက်ကို အခြေအနေ အကောင်းဆုံးဖြစ်တဲ့၊ အခြေအနေအကောင်းဆုံးဆိုတာလည်း ကျူးကျော်မရှိတဲ့ဇုန်ဖြစ်တဲ့ ဒဂုံတောင်စက်မှုဇုန်ကို ကျွန်မတို့ ပိုင်းလော့ ပရောဂျက်အနေနဲ့ စတင်ဆောင်ရွက်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

Most Read

Most Recent