သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပိုင်သည်ဟုဆိုသည့် မြေကွက်တွင် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ လယ်သမားသုံးဦး သေနတ်ဒဏ်ရာရ

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပိုင်သည်ဟုဆိုသည့် မြေကွက်တွင် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ လယ်သမားသုံးဦး သေနတ်ဒဏ်ရာရ
Published 13 May 2018

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပိုင်သည်ဟုဆိုသည့် မြေကွက်အမှတ်(၁၂/၁၃)တွင် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ မေ ၁၂ ရက် ညနေ ၅ နာရီတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ လယ်သမားသုံးဦး သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောကြားသည်။

“ကျွန်မတို့ အခု ဆေးရုံသွားနေပါတယ်။ ကျွန်မတို့ နောက်ဆုံးသိရတာတော့ သုံးယောက်ဖြစ်တယ်လို့ သိရတယ်။ အမျိုးသား နှစ်ယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရတယ်။ အမျိုးသမီးကတော့ ဗိုက်မှာ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံ ရောက်နေတာတော့ အမျိုးသား တစ်ယောက်ရယ်၊ အမျိုးသမီးတစ်ယောက်ရယ် ရောက်နေပါတယ်။ တစ်ယောက်ကတော့ အချုပ်ကားထဲကို ပါသွားသလား ဝန်းထဲမှာပဲ ရှိနေသလားဆိုတာတော့ မသိဘူး။ ကျွန်မ အဲ့ဒါကို လှမ်းမေးထားပါတယ်။ အခု သတင်းရတာတော့ စိုးရိမ်စရာ မရှိဘူး။ ကော်ကျည်ဆန်ဆိုတော့ ကော်ရည်လောင်တာပါ” ဟု ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဆက်လက်ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပိုင်သည်ဟုဆိုသည့် မြေကွက်အမှတ် (၁၂/၁၃) တွင် သဲမှုတ်တင်ခြင်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ဒေသခံ လယ်သမားများက တားဆီး ပိတ်ပင်ခဲ့ကြောင်း၊ ထိုအချိန် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ၁၂ ဗို့ ပန်အက်ရှင် သေနတ်များဖြင့် မြေပေါ်သို့ ပစ်ပေါက်ခဲ့ကြောင်း၊ ထိုအခါ လယ်သမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“သီလဝါ စက်မှုစီမံကိန်းရှိ မြေကွက်အမှတ် ၁၂၊ ၁၃၊ ၁၄ ရှိမြေတွေကို ၁၉၉၇ ခုနှစ်က နိုင်ငံတော်အစိုးရကိုယ်စား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နေထိုင်သူများကို လယ်တစ်ဧကလျှင် ကျပ်၂၀၀၀၀နှုန်းနဲ့ လျော်ကြေးပေး အပ်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာတော့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ဆိပ်ခံတံတားနဲ့ ကုန်လှောင်ရုံ တည်ဆောက်ရန် မြေနေရာ တောင်းခံခဲ့ပါတယ်။ ယခုမြေနေရာရှိ လယ်ဧက ၁၆၅ ဒသမ ၇၃ ဧကကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ နှစ် ၃၀ စက်မှုမြေငှားဂရန်ကို ရရှိခဲ့ကာ နိုင်ငံတော်ပြန်တမ်းမှာ ထည့်ပြန်ခဲ့တယ်။၂၀၁၆ ခုနှစ်မှာ အဆိုပါနေရာမှာ နေထိုင်တဲ့ မူလတောင်သူ ၁၄ ဦး အား ကရုဏာကြေးအဖြစ် ပေးအပ်ခဲ့ရာ ၁၁ ဦးသာ ကရုဏာကြေး ရယူခဲ့တယ်” ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား ဒဏ်ရာရရှိအောင် ပြုလုပ်သည့် လယ်သမားသုံးဦးကို သီလဝါ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent