ဖားကန့်ဒေသ၌ ဝန်ထမ်းများအား လုပ်ခလစာရှင်းပေးချိန်တွင် ရတနာအဓိပတိကုမ္ပဏီမှ လစာတစ်ဝက်နှုန်း ဖြတ်တောက်သည့်အတွက် အပြည့်အဝရရှိရေး တောင်းဆို

ဖားကန့်ဒေသ၌ ဝန်ထမ်းများအား လုပ်ခလစာရှင်းပေးချိန်တွင် ရတနာအဓိပတိကုမ္ပဏီမှ လစာတစ်ဝက်နှုန်း ဖြတ်တောက်သည့်အတွက် အပြည့်အဝရရှိရေး တောင်းဆို
Published 10 May 2018

ဖားကန့်ဒေသ၌ ကျောက်တူးဖော်ရေး လုပ်ငန်းရာသီကုန်ဆုံးခါနီး၍ ဝန်ထမ်းများအား လုပ်ခလစာရှင်းပေးချိန်တွင် ရတနာအဓိ ပတိကုမ္ပဏီမှ လစာတစ်ဝက်နှုန်း ဖြတ်တောက်ခဲ့သည့်အတွက် ဝန်ထမ်းများက ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လစာအပြည့်အဝရရှိရေး တောင်းဆိုလျက်ရှိကြောင်း သိရသည်။

မေ ၉ ရက်က ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ ရတနာ အဓိပတိကုမ္ပဏီတွင် လုပ်ငန်းရာသီကုန်ဆုံးတော့မည်ဖြစ်၍ ဝန်ထမ်းများအား တစ်ရာသီစာ လုပ်အားခအား ရှင်းပေးရာ ဝန်ထမ်းဦးရေ နှစ်ထောင်ခန့်မှာ လစာတစ်ဝက်နှုန်း ဖြတ်တောက်ခံထားရကြောင်း၊ ရာသီချိန်အစ အလုပ်ဝင်စဉ်က သဘောတူထားသည့် လစာနှုန်းထားအောက် တစ်ဝက်လျော့နည်းနေကာ မူလစာချုပ်တွင် မပါဝင်သည့် အချက်များကိုလည်း ထည့်သွင်းထားကြောင်း၊ ဝန်ထမ်းများ၏ အချိန်ပိုလုပ်အားခအား သီးသန့်ရှင်းမပေးဘဲ ဖြတ်တောက်ခံထားရသည့် လစာထက်ဝက်ဖြင့် ရောထွေးဖလှယ်ခဲ့ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီဝန်ထမ်း ၃၀၀ ခန့်က ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်ခဲ့ပြီး လုပ်ခလစာပြဿနာအား ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“အလုပ်ဝင်စဉ်ကာလက ယာဉ်မောင်းတွေအတွက် အခြေခံလုပ်ခလစာ ငါးသိန်းနဲ့ သဘောတူညီခဲ့တယ်။ သဘောတူညီတဲ့နေရာမှာ နှစ်သိန်းခွဲထုတ်၊ နှစ်သိန်းခွဲချန်။ ဒီနှစ်သိန်းခွဲကို ရာသီသိမ်းရင် ဘောက်ဆူးအနေနဲ့ ပေးမယ်ပေါ့။ အဲဒီလိုပြောတော့ ကျွန်တော်တို့က လက်မခံခဲ့ဘူး။ လစာဟာ လစာပဲ။ ဘောက်ဆူးဟာ ဘောက်ဆူးပဲ။ အဲဒီလိုနဲ့ ကျွန်တော်တို့က သဘောတူညီခဲ့ပါတယ်။ အခုရာ သီသိမ်းခါနီး စာရင်းရှင်းတဲ့အခါမှာ ကျွန်တော်တို့အစက လက်မှတ်ထိုးခဲ့တဲ့အချိန်က စာချုပ်က ဘာမှဖြည့်စွက်မထားတဲ့ ဗလာမှာ လက်မှတ်လေးတစ်ခုနဲ့ပဲ ကျွန်တော်တို့ အလုပ်လုပ်ခဲ့ကြတာ။ စာရင်းရှင်းခါနီးကျမှ ဒီစာချုပ်ထဲမှာ အခြေခံလုပ်ခလစာက ငါးသိန်းမဟုတ်တော့ဘဲ နှစ်သိန်းခွဲဆိုပြီးတော့ ဖြည့်စွက်ထားတာကို တွေ့ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လုပ်ခဲ့တဲ့ OT ကြေး၊ တစ်နေ့ကို အလုပ်ချိန် ကိုးနာရီမှာ ကျွန်တော်တို့က တစ်နာရီ OT ကြေးရရမယ်။ အဲဒါကို ရချင်တယ်။ နောက်ပြီး တစ်ပတ်တစ်ရက်၊ အဲဒီရက်တွေ အတွက်ကို ကျွန်တော်တို့က OT ကြေးရချင်တယ်။ အဲဒါကို ကုမ္ပဏီက မပေးဘူးမဟုတ် ဘူးပေးမယ်။ အဲဒီ OT ကြေးက တစ်လကို ပျမ်းမျှအားဖြင့် နှစ်သိန်းခွဲလောက် ရှိတယ်။ ရှိတာကို သူကလစာ ငါးသိန်းထဲက အခြေခံလစာက နှစ်သိန်းခွဲ ဖြစ်သွားပြီးတော့ OT ကြေးက စောစောကချန်ထားတဲ့ ချန်ငွေနှစ် သိန်းခွဲဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါကို မကျေနပ်လို့ အခုကျွန်တော်တို့ ဒီကိုရောက်လာပြီးတော့ တိုင်ကြားရခြင်းဖြစ်ပါတယ်” ဟု နစ်နာဝန်ထမ်းများ၏ ခေါင်းဆောင် ကုမ္ပဏီမြေသယ်ယာဉ်မောင်း ကိုနိုင်ဝင်းဇော်က ပြောကြားသည်။

အဆိုပါလုပ်ခလစာပြဿနာနှင့် ပတ်သက်၍ ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများပါဝင်သည့်အဖွဲ့က ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဖက်ပြေလည်မှုရအောင် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး မေ ၉ ရက်တွင် မပြီးပြတ်ခဲ့သည့်အတွက် မေ ၁၀ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent