မင်းကွန်းတောင်ရွာဆိပ်ကမ်းသို့ ကမ်းကပ်လာသော ခရီးသည် ၁၅ ဦး လိုက်ပါလာသည့် ကုန်တင်ရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွား

မင်းကွန်းတောင်ရွာဆိပ်ကမ်းသို့ ကမ်းကပ်လာသော ခရီးသည် ၁၅ ဦး လိုက်ပါလာသည့် ကုန်တင်ရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွား
Published 27 April 2018

မင်းကွန်းတောင် ရွာဆိပ်ကမ်းအနီး ဧရာဝတီမြစ်အတွင်း၌ နစ်မြုပ်နေသော ကုန်တင်ရေယာဉ်ကို ကူညီနေစဉ်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ ဆိပ်ကမ်းသို့ ကမ်းကပ်လာသော ကုန်တင်ရေယာဉ်တစ်စင်း ဧပြီ ၂၆ မွန်းလွဲ ၁၂ နာရီခွဲခန့်က ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရာသီဥတုမကောင်းလို့ ဆိပ်ကမ်းကပ်လာတုန်း အောက်ငုတ်နဲ့ထိုးမိပြီး ကုန်တင်လှေနစ်မြုပ်ခဲ့တယ်။ ရေအတိမ်ဘက်ကျလို့ တစ်ခြမ်းပဲ နစ်မြုပ်ခဲ့တယ်။ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ စက်လှေတစ်စင်းက ရေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကို အမြန်သွားကယ်လို့ လူထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး” ဟု မင်းကွန်းအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောကြားသည်။

အဆိုပါ နစ်မြုပ်ခဲ့သော ကုန်တင်ရေယာဉ်သည် မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေးမြို့ရှိ ပဲဒိုင်သို့ ပဲသွားသွင်းစဉ် မိုးသက် လေပြင်းကျရောက်လာသောကြောင့် မင်းကွန်းဆိပ်ကမ်းသို့ကပ်စဉ် ရေအောက်ရှိ တွဲလှေအပျက်ငုတ်နှင့် ထိုးမိပြီး ရေယာဉ်ဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့်ရေယာဉ်တွင် ပဲအိတ်မျိုးစုံ ၂၅၀ တင်ဆောင်လာကြောင်း သိရပြီး ပဲအိတ်များ ရေနစ်ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ဆိပ်ကမ်းသောင်ပြင်ပေါ်သို့ မင်းကွန်းသဲ ဖြူးချောင်းရွာ ဒေသခံများမှ ဝိုင်းဝန်းကူညီ သယ်ဆောင်ပေးခဲ့ပြီး ခရီးသည်များအား အောင်မြေမှန်ကူဘုရားဝန်းအတွင်းသို့ ရွှေ့ပြောင်းပေးခဲ့ကာ နစ်မြုပ်နေသည့် ရေယာဉ်အား ညနေငါးနာရီခန့်တွင် ဆွဲတင်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent