၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်အတွင်း တည်ဆောက်ထားခဲ့သည့် IDP စခန်းများကို ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ

၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်အတွင်း တည်ဆောက်ထားခဲ့သည့် IDP စခန်းများကို ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ
Published 24 April 2018

၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်အတွင်း တည်ဆောက်ထားခဲ့သည့် IDP စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ IDP စခန်းများမှာ မြေပုံမြို့ တောင်ပေါ်ကယ်ဆယ်ရေးစခန်း၊ ကျောက်တော်မြို့နယ်မှ ကယ်ဆယ်ရေးစခန်း၊ ကျောက်ဖြူနှင့် ရမ်းဗြဲကယ်ဆယ်ရေးစခန်းတို့ဖြစ်ပြီး ပေါက်တောမြို့နယ်မှ ကြယ်နီပြင်ကယ်ဆယ်ရေးစခန်းတို့လည်း ပါဝင်မည်ဖြစ်ကာ ယင်းစခန်းများတွင် နေထိုင်သူများအတွက် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

“မြေပုံကယ်ဆယ်ရေးစခန်းကို ဖျက်သိမ်းပြီး အဲဒီနေရာရဲ့မြောက်ဘက် တောင်ခြေလယ်ကွင်းမှာ အခုဆိုရင်အိမ်တွေ ဆောက်လုပ်ပေးနေပါပြီ။ အိမ်အလုံး ၂၀ လောက် ဆောက်လုပ်ထားတာကို တွေ့ရတယ်။ ပြည်ထောင်စုအစိုးရက ဆောက်လုပ်ပေးတာလို့တော့ သိရပါတယ်။ ဘယ်တော့နေအိမ်တွေ ဆီကိုပြောင်းမယ်ဆိုတာ မသိရသေးဘူး” ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ရှိ သက္ကယ်ပြင်စခန်း၊ မြေပုံမြို့ရှိ တောင်ပေါ်စခန်း၊ ကျောက်တော်မြို့ရှိ နိဒင်စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ(၁) နှင့် (၂) စခန်းများရှိ စခန်းတာဝန်ခံများ စခန်းတွင်းနေထိုင်သူများနှင့်တွေ့ဆုံပြီး စခန်းပိတ်သိမ်းနိုင်မည့် အခြေအနေများကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၈၁ ဦး ရှိသည့် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းပိတ်သိမ်းပြီး ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း ပြန်လည်နေရာချထားရေး အစီအစဉ်များအား စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ IDP စခန်းအသီးသီးရှိ တာဝန်ခံများနှင့် ဆွေးနွေးလျက်ရှိကြောင်းသိရပြီး အဆင်ပြေသော နေရာများတွင် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က “မြေပုံစခန်းအတွက်ကတော့ နေအိမ်တွေဆောက်လုပ်နေတာ အတော်အတန် ပြီးစီးနေပါပြီ။ ပထမအဆင့် အလုံး ၅၀ ဆောက်လုပ်တာပေါ့။ ဒါပြီးမှ မြေကျန်တာကိုဆောက်မယ်။ ကျန်တဲ့စခန်းတွေကို တစ်ပြိုင်တည်းလုပ်နေပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ ရက်က ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းသို့ရောက်ရှိပြီး စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ နိဒင်ကျေးရွာ တာဝန်ခံများ၊ စခန်းနေထိုင်သူများနှင့် တွေ့ဆုံခဲ့ကာ IDP စခန်းအားပိတ်သိမ်းပြီး ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း ပြန်လည်နေရာချထားရေး အစီအစဉ်များ၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ ခန့်ထားပေးရေး၊ အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူများ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ချထားပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးရေး ကိစ္စရပ်များနှင့် NVC လျှောက်ထားကိုင်ဆောင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်အနေဖြင့် ဧပြီ ၆ ရက်တွင် စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ(၁) နှင့် (၂) စခန်းများရှိ စခန်းတာဝန်ခံများ၊ စခန်းတွင်း နေထိုင်သူများနှင့်တွေ့ဆုံပြီး စခန်းပိတ်သိမ်းနိုင်မည့် အခြေအနေများကို ကနဦးညှိ နှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent