YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်သည် နောက်ဆုံးအဆင့်နည်းပညာများဖြင့် ဆောင်ရွက်ထားသည့်အတွက် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်သည် နောက်ဆုံးအဆင့်နည်းပညာများဖြင့် ဆောင်ရွက်ထားသည့်အတွက် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 24 April 2018

YBS ယာဉ် စီးနင်းလာသူများနှင့်စီးနင်းရန် စောင့်ဆိုင်းနေသူများကို မြို့တော်ခန်းမရှေ့ ဆူးလေမှတ်တိုင်တွင် တွေ့ရစဉ်

Yangon Payment Services – YPS စနစ်ကို နောက်ဆုံးအဆင့်နည်းပညာများဖြင့် ဆောင်ရွက်ထားသည့်အတွက် YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်သည် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒါဟာ နောက်ဆုံးအဆင့်နည်းပညာနဲ့ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ရှေ့ကိုရောက်လာမယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အခုမှလုပ်မှာ ဖြစ်တဲ့အတွက် ဒီပလက်ဖောင်းကို တက်လာနိုင်မယ်။ သူတို့တွေက အရှေ့လုပ်ခဲ့တဲ့ အခက်အခဲတွေကိုဖျက်ပြီး နောက်တစ်ခုပြင်မှ နောက်တစ်ဆင့်ကို တက်လာမယ်။ အခုလောလောဆယ် သုံးနေတဲ့ စနစ်ကိုပြင်ပြီး နောက်တစ်ဆင့်ကို တက်ရမယ့် သူတို့မှာ ဖြစ်နေတဲ့အခြေအနေ။ ကျွန်တော်တို့က ရှိကိုမရှိသေးတာဖြစ်တဲ့အတွက် ဒီအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်” ဟု ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ Yangon Payment Services – YPS စနစ်ကို ပြည်တွင်းရှိ ဘဏ်များဖြင့် ချိတ်ဆက်မဆောင်ရွက်ဘဲ သီခြားစနစ်တစ်ခုဖြင့် ဆောင်ရွက်ရခြင်းသည် အခြေခံပြည်သူများကို ဝန်ဆောင်ခစရိတ်ကို အနိမ့်ဆုံး အသက်သာဆုံးကတ်ဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“MPU နဲ့ လုပ်လည်းရတယ်။ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ Master Visa နဲ့ လည်းရတယ်။ ဒါပေမဲ့ ကျွန်တော်တို့အခုလုပ်မယ့်ကတ်ဟာ အနိမ့်ဆုံး ဈေးအသက်သာဆုံးကတ်။ ဘာလို့လဲဆိုတော့ အခြေခံပြည်သူတွေက MPU ကိုလည်း ဝန်ဆောင်စရိတ်ပေးရမယ်။ ဒီ YBS ပေါ့။ Yangon Payment ကိုလည်း ဝန်ဆောင်မှုပေးရမယ်။ သူက နှစ်ခါပေးနေရမယ်။ စရိတ်က Security အဆင့်ဆင့်များလာလေ ပိုပေးရမှာ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Yangon Payment Services – YPS စနစ်အတွက် ကျပ် ၁၉ ဘီလျံ တိုက်ရိုက်ရင်း နှီးမြှုပ်နှံမည်ဆိုကာ တင်ဒါပဏာမ အောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် Excel KC Myanmar ကုမ္ပဏီကို ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ YPS တင်ဒါစိစစ်ကြီးကြပ် ရေးအဖွဲ့က မတ် ၂၀ ရက် ရက်စွဲဖြင့် မတ် ၂၁ ရက် နံနက် ၁ နာရီခန့်တွင် သတင်းထုတ်ပြန်လိုက်သည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်၌ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်စာတမ်းညှိနှိုင်းမှုအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပြယ်ခြင်းရှိပါက ကျန်ရှိသည့် ဆန်ခါတင် ကုမ္ပဏီနှစ်ခုဖြစ်သော Any Pay နှင့် Asia Starmar နှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဇန်နဝါရီ ၁၅ ရက် ထပ်ဆင့်သတင်းထုတ်ပြန်ချက်တွင်မူ တင်ဒါအောင်မြင်သည့် Excel KC Myanmar ကုမ္ပဏီနှင့် ရွေးချယ်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အဓိကထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ အဆိုပါ ကုမ္ပဏီမှ ကျပ် ၁၉ ဘီလျံ တိုက်ရိုက်မြှုပ်နှံမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းခဲ့သည်။

လက်ရှိတွင်မူ ကျန်ရှိသည့် ဆန်ခါတင် ကုမ္ပဏီနှစ်ခုဖြစ်သော  Any Pay နှင့် Asia Starmar နှစ်ခုအား တင်ဒါစည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း ထပ်မံစိစစ်ရွေးချယ်ပြီး ညှိနှိုင်းသွားရန် စီစဉ်နေကြောင်း YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

Most Read

Most Recent