သံဖြူဇရပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ထုနှင့်ထည်နှင့် ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူများလည်း များစွာရှိနေဟုဆို

သံဖြူဇရပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ထုနှင့်ထည်နှင့် ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူများလည်း များစွာရှိနေဟုဆို
Published 23 April 2018

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူ ထုနှင့်ထည်နှင့်ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူများလည်း များစွာရှိနေဟု သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့သည့် လူငယ်အနာဂတ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းတွင် ပြောကြားသည်။

“ကျွန်မတို့ မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေ အများကြီး၊ လူတိုင်းလည်းသိပါတယ်။ ဒါပေမဲ့ အရေးယူမှုအပိုင်းတွေ၊ ဖမ်းဆီးရမိတဲ့အပိုင်းတွေ အရမ်းအားနည်းနေပါတယ်။ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့အပိုင်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေ၊ ရောင်းဝယ်ဖောက်ကားနေကြတဲ့ သူတွေကို သိကြပေမယ့် အများစုက အမုန်းမခံချင်ဘူး။ နောက် ကြောက်လည်းကြောက်ကြတယ်။ ကိုယ့်အတွက်လည်း အန္တရာယ်ရှိနိုင်တဲ့အတွက်ကို သတင်းပေးတာတွေ မလုပ်ချင်ကြဘူး။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းနဲ့တော့ တစ်မြို့နယ်လုံးစာကို လုပ်ဆောင်လို့မရပါဘူး။ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်မြတ်သီတာထွန်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အရင့်အရင်တုန်းကဆိုရင် မော်လမြိုင်ဆေးရုံကြီးမှာ သံဖြူဇရပ်ကနေ ဆေးသွားဖြတ်တဲ့လူနာ မရှိသလောက်ပါပဲ။ ကျွန်မတို့ မိဘပြည်သူတွေနဲ့ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ခဲ့တဲ့အနောက်မှာ သံဖြူဇရပ်မြို့နယ်က လူ ၅၀ ကျော်လောက်တော့ ဆေးဖြတ်ပြီးပါပြီ။ နောက်ထပ်လည်း ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ နောက်တစ်ခါ သံဖြူဇရပ်မြို့နယ်အတွင်းက အခြေခံပညာ အထက်တန်းကျောင်းတွေမှ ကိုးတန်း၊ (၁၀) တန်းကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းပြီးတော့ မူးယစ်ဆေးဝါးရဲ့ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးတွေက ဘယ်ကနေသူတို့ လက်ထဲရောက်လာသလဲ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေအမြင် ဘယ်လိုရှိသလဲ။ လူကြီးတွေကို ဘယ်လိုလုပ်ဆောင်ပေးစေချင်လဲ။ ဘာတွေအကြံပေးချင်လဲ စသည်ဖြင့် ဆွေးနွေးပွဲတွေလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်” ဟုပြောကြားသည်။

“လူငယ်တွေရဲ့ နောင်လာနောက်သားတွေအတွက် ဒီမူးယစ်ဆေးဝါးအန္တရာယ်ကနေ လွတ်ကင်းအောင် လုပ်ကြမယ်ဆိုရင် ဒီလိုစကားဝိုင်းတွေကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်တဲ့အဆင့်ကို ရောက်လာဖို့ လိုအပ်ပါတယ်” ဟု ဒေါ်မြတ်သီတာထွန်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူငယ်အနာဂတ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်း၌ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သည့်ဖြစ်စဉ်များ၊ ဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ပြည်သူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် သက်ဆိုင်ရာမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်အတွင်း (၂၀၁၇) ခုနှစ်၌ မူးယစ်ဆေးဝါးအမှု ၃၃ မှုဖမ်းဆီးရမိခဲ့ကြောင်းနှင့် (၂၀၁၈) ခုနှစ်အတွင်း ရှစ်မှုဖမ်းဆီးရမိခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထဲမှ သိရသည်။

Most Read

Most Recent