ဘူးသီးတောင်မြို့နယ် သပြေတောကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံများအား ARSA ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ် သပြေတောကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံများအား ARSA ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးရမိ
Published 22 April 2018

ဘူးသီးတောင်မြို့နယ် သပြေတောကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံများကို ARSA ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ စုံစမ်းဖော်ထုတ်မှုနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် တောင်ဘဇာ ရဲစခန်းမှူး ရဲမှူးထွန်းလှိုင်က “အကြမ်းဖက်သင်တန်း တက်ခဲ့တယ်ဆိုတဲ့ သတင်းအရ မနေ့က ကျွန်တော်တို့ သွားဖမ်းပါတယ်။ သူ့ကို ၁၇ (၁)(၂) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သူ့ကို အခုလောလောဆယ် စစ်ဆေးနေဆဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည်ဟု သတင်းရထားသည့် ဘင်္ဂါလီကို ဧပြီ ၂၀ ရက် နံနက် ၈ နာရီတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူမှာ ဘူးသီးတောင်မြို့နယ် တုံးချောင်ကျေးရွာမှ မာမောက်ဟူဆောင်း (ခ) မာမတ်ဟူဆိန်း (ဘ) ကာလူ (ခ) အာဇီဇူဟောက် အသက် ၂၂ နှစ်ဖြစ်ကြောင်းနှင့် ၎င်းအား တောင်ဘဇာရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ ARSA က ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စတင်စုံစမ်း ဖော်ထုတ် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရတယ်။ မနေ့က အကြမ်းဖက်သမားတစ်ဦးကို ဖမ်းမိတယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေရဲ့ အသက်အန္တရာယ်ကနေ ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အခုလို တိုင်းရင်းသားတွေကို ခြိမ်းခြောက်လာတာ တရားဥပဒေစိုးမိုးမှု မရှိဆိုတာကို ပြသနေပါတယ်”ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုသည်။

ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင် ရှည်ကျေးရွာအုပ်စု၊ သပြေတော၊ အင်းဖောက် ကျေးရွာတို့တွင် နေထိုင်နေသည့် ဒေသခံ တိုင်းရင်းသားများကို ဧပြီ ၁၅ ရက်က ARSA အကြမ်းဖက်အဖွဲ့က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်ခြင်း၊ ရွာအနီး တံတားပေါ်တွင် ခြိမ်းခြောက်စာ ကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ခြိမ်းခြောက်ခံရသူများတွင် သပြေတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွေးပါ တိုင်းရင်းသား သုံးဦး၊ အင်းဖောက်ကျေးရွာမှ တိုင်းရင်းသား တစ်ဦး၊ ထင်ရှားပြင် (ဘင်္ဂါလီ) ကျေးရွာမှ ကျေးရွာ ဒုတာဝန်ခံ၊ ရာအိမ်မှူးတို့ ပါဝင်ကြောင်းနှင့် လက်ရှိတွင် ဒေသခံများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်မှုများ ပေါ်ပေါက်နေသည့် ကျေးရွာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်း၍ တွေ့ဆုံမေးမြန်း စုံစမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent