အခြေခံပညာအတန်းများ၏ အောင်စာရင်းကို ဧပြီ ၂၂ ရက်နှင့် အခြေခံပညာ နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲအောင်စာရင်းများကို မေ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာမည်

အခြေခံပညာအတန်းများ၏ အောင်စာရင်းကို ဧပြီ ၂၂ ရက်နှင့် အခြေခံပညာ နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲအောင်စာရင်းများကို မေ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာမည်
Published 18 April 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ အောင်စာရင်းကို ၂၀၁၈ ခုနှစ် ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ အခြေခံပညာနဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲအောင်စာရင်းများကို မေ၂၃ ရက်တွင်လည်းကောင်း အသီးသီး ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာမူလတန်း (စတုတ္ထတန်း) နှင့် အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) စာမေးပွဲများ အပါအဝင် အခြေခံပညာအတန်း အသီးသီးအတွက် စာမေးပွဲများကို ဖေဖော်ဝါရီအတွင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အောင်စာရင်းများကို နှစ်စဉ်သြင်္ကန် ကျောင်းပိတ်ရက်အပြီး မြန်မာနှစ်ဆန်းနှစ်ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သော်လည်း အောင်စာရင်း ထုတ်ပြန်သည့်အခါ ကျောင်းသားနှင့် မိဘများသည် သြင်္ကန်ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးသွားခြင်း၊ ခရီးရက်ရှည်ထွက်ခြင်းများရှိသဖြင့် ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းကို လာရောက်ကြည့်ရှုသည့်အခါ အောင်စာရင်းကပ်ပြီး လေးငါးရက်ကြာပြီးဖြစ်၍ ကပ်ထားသည့် အောင်စာရင်းများ ပြဲစုတ်နေခြင်းကြောင့် အောင်စာရင်း ကြည့်မရသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သဖြင့် သြင်္ကန်ကာလပိတ်ရက်၏ နောက်ဆုံးပိတ်ရက်တွင် ထုတ်ပြန်ကြေညာရန် ယခင်နှစ်ကမှ စတင်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သော မူလတန်းအောက်ဆင့် သင်ရိုးဟောင်း ဒုတိယတန်း (Grade-3)၊ မူလတန်းအထက်ဆင့် တတိယတန်း (Grade-4)၊ အလယ်တန်းအဆင့် သင်ရိုးဟောင်း ပဉ္စမတန်း (Grade-6)၊ ဆဋ္ဌမတန်း (Grade-7) နှင့် သတ္တမတန်း (Grade-8) တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်းနဝမတန်း (Grade-10) အတွက် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် ၂ နာရီနှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) အတွက် နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် ၃ နာရီနှုန်းဖြင့် လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စာမေးပွဲစစ်ဆေးမှု ရလဒ်များ ဆုံးဖြတ်ရာတွင် သင်ရိုးဟောင်းဒုတိယတန်း (Grade-3) မှတတိယတန်း (Grade-4) အထိ ပဉ္စမတန်း (Grade-6) မှ သတ္တမတန်း (Grade-8) အထိနှင့် နဝမတန်း (Grade-10) တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test)၊ နှစ်ဝက်ဆုံး စစ်ဆေးခြင်းနှင့် အခန်းဆုံးစစ်ဆေးခြင်း နှစ်ကြိမ်တို့တွင် ရရှိခဲ့သော ရလဒ်များအပေါ် အခြေခံ၍ အောင်/ရှုံး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

မူလတန်းအောက်ဆင့် သင်ရိုးသစ် ပထမတန်းတွင် စာသင်ခန်းအတွင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်ရန်နှင့် ရရှိလာသော အချက်အလက်များကို အသုံးပြုပြီး သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း အနေဖြင့် တစ်နှစ်နှစ်ကြိမ် ပြုလုပ်ရန်နှင့် မြန်မာစာ အရေးအဖတ်နှင့် သင်္ချာတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရန်၊ စစ်ဆေးအကဲဖြတ် ရလဒ်များကို စနစ်တကျ မှတ်တမ်းတင်ထားပြီး တတ်မြောက်မှု အခြေအနေကို တစ်နှစ်လျှင် မိဘများထံ အစီရင်ခံစာ နှစ်ကြိမ်ပေးပို့ရန်၊ ပုံမှန်စစ်ဆေး အကဲဖြတ်ရလဒ်များကို အခြေခံပြီး ထိရောက်သော သုံးသပ်အားဖြည့်မှုပုံမှန် ပြုလုပ်ကာ အတန်းကူးပြောင်းမှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာနဝမတန်း ကျောင်းတွင်းစစ်(ပြင်ပဖြေ)စာမေးပွဲများကို ၂၀၁၈ ခုနှစ်၊ မေ ၂ ရက်မှ စတင်ကာ မေ ၁၀ ရက်အတွင်း သက်ဆိုင်ရာခရိုင်အလိုက် စစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းများကို မေ ၂၃ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent