အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ သြင်္ကန်အပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကမ်းလှမ်းထား

အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ သြင်္ကန်အပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကမ်းလှမ်းထား
Published 8 April 2018

အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ သြင်္ကန်အပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ကမ်းလှမ်းထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဧပြီ ၇ ရက်တွင် ပြောကြားသည်။

မူလကဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တွေ့ဆုံရန် အဆိုပြုထားသော်လည်း အစိုးရဘက်က အချိန်မရကြောင်း အကြောင်းပြန်လာသည့်အတွက် သြင်္ကန်ကာလနောက်ပိုင်းသို့ ရွှေ့ဆိုင်းအဆိုပြုလိုက်ရကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့လုပ်ချင်တဲ့ရက်ကိုတော့ ကျွန်တော်တို့ ပထမပြောပြီးပြီ။ ၉ ရက်၊ ၁၀ ရက်လေ။ ဒါပေမဲ့ အစိုးရဘက်က မအားဘူးဆိုတာနဲ့ ကျွန်တော်တို့က သြင်္ကန်အလွန် အဲဒီလိုတော့ ပြောထားတယ်။ သြင်္ကန်အလွန်ဆိုတော့ ၁၉၊ ၂၀ ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က အဆိုပြုတာပါ။ ကျွန်တော်တို့ဘက် လုပ်ချင်ရင်ပဲ ပြောတာပါ။ ဟိုဘက်က မအားဘူးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ တွေ့ဖို့တော့ သဘောတူပြီးသားပါ” ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များဘက်မှ နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတွင် တာဝန်ယူထားသော ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ပြီး မကြာသေးမီက NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) မှာ ပါဝင်မည်ဖြစ်သော်လည်း လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့အနေဖြင့် ပါဝင်မည်ကို မပြောနိုင်သေးကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ တာဝန်ကျတဲ့ ခေါင်းဆောင်တွေကတွေ့မှာပါ။ အမြန်ဆုံးတွေ့ဖို့ပေါ့။ အဲဒီလိုတွေ့မှာပဲ ကျွန်တော်တို့က တရားဝင်ထပ်တွေ့ပြီးတော့ တစ်ခါတည်း ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကိုလည်း ချောချောမောမော ဖြစ်သွားအောင်ပေါ့ဗျာ။ အားလုံးပြင်ဆင်တဲ့ သဘောပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ယခင်အစိုးရလက်ထက်က NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြီးခဲ့တဲ့ JICM အစည်းအဝေး ကျွန်တော်တို့ ဖေဖော်ဝါရီ ၂၈ ရက် အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ ခေါင်းဆောင်တွေ သဘောတူထားတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေ အကောင်အထည် ဘယ်လိုထပ်ဖော်မလဲ။ အားလုံး အဖွဲ့အစည်းအသီးသီးကလည်း လုပ်ချင်တဲ့ကိစ္စတွေလည်း လုပ်လို့ရအောင်။ JICM ဆုံးဖြတ်ချက်လည်းရအောင်။ နည်းနာရှာတဲ့ သဘောမျိုးနဲ့ ဆွေးနွေးတိုင်ပင်တဲ့ဟာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ယင်းအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ချီတက်နိုင်ရန် နည်းလမ်းရှာသည့် ကိစ္စများကို ဆွေးနွေးဖြစ်ကြောင်း၊ အထူးသဖြင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရေးကို ဆွေးနွေးဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent