ယခုနှစ်သြင်္ကန်ကာလအတွက် သံချပ်အဖွဲ့အချို့ သံချပ်တိုက် ပြင်ဆင်မှုများ ရှိသော်လည်း ယခင်နှစ်များထက် အတန်ငယ်နည်းပါး

ယခုနှစ်သြင်္ကန်ကာလအတွက် သံချပ်အဖွဲ့အချို့ သံချပ်တိုက် ပြင်ဆင်မှုများ ရှိသော်လည်း ယခင်နှစ်များထက် အတန်ငယ်နည်းပါး
Published 2 April 2018

ယခုနှစ် သြင်္ကန်ကာလအတွက်  သြင်္ကန်သံချပ်အဖွဲ့အချို့ သံချပ်တိုက် ပြင်ဆင်မှုများရှိနေသော်လည်း ယခင်နှစ်များထက်အတန်ငယ် နည်းပါးလျက်ရှိကြောင်း သိရသည်။ သံချပ်အဖွဲ့များအနေဖြင့် သံချပ်ပြိုင်ပွဲများကို ပြင်ဆင်ရသည့် စရိတ်စကကြီးမားခြင်း၊ ပြိုင်ပွဲဝင်နိုင်သည့် ဆုပေးမဏ္ဍပ်များ နည်းပါးခြင်း စသည့် အခက်အခဲများကြောင့်ယခုနှစ်သည် ယခင်နှစ်များထက် သံချပ်အဖွဲ့များ၏ ပြင်ဆင်မှုမှာ အတန်ငယ် နည်းပါးနေခြင်းလည်း ဖြစ်သည်။

“သံချပ်အဖွဲ့တွေက ဒီနှစ်ပုံမှန် ပြင်ဆင်ကြတယ်ဆိုပေမယ့် အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းသွားတယ်လို့ ပြောလို့ရပါတယ်။ အဓိကတော့ သံချပ်အဖွဲ့တွေအနေနဲ့က သြင်္ကန်မတိုင်ခင် တစ်လလောက်အလိုမှာကတည်းက ပြင်ဆင်ရတာဆိုတော့ စရိတ်စက ကြီးသလို သံချပ်အဖွဲ့အတွက် သြင်္ကန်မှာထွက်မယ့် အလှပြကားပြင်ဆင်မှုတွေ၊ အဝတ်အစားတွေကအစ အများကြီးကုန်ကျပါတယ်။ အဲဒီအတွက် စပွန်ဆာဆိုတာလည်း မရှိပါဘူး။ ကိုယ့်မှာရှိတာလေးနဲ့ပဲ ဝါသနာအရထွက်ကြတာတွေရှိ တယ်ဆိုတော့ ခက်ခဲတာပေါ့လေ။ ဒါကြောင့်အရင်နှစ်တွေထက်တော့ နည်းသွားတယ်လို့ဆိုရပါမယ်။ သံချပ်ဆိုတာကတော့ မြန်မာသြင်္ကန်ရဲ့ပြယုဂ်တစ်ခုဖြစ်သလို ပြည်သူတွေအတွက်လည်း ဟစ်တိုင်လို့ ခေတ်အဆက်ဆက်ကတည်းက ပြောလာခဲ့ကြတာလေ။ ဒါကို ပံ့ပိုးပေးမယ့်သူတွေလည်း ပိုပြီးရှိလာ စေချင်တယ်။ သြင်္ကန်ရိုးရာအနေနဲ့ တန်ဖိုးထား ထိန်းသိမ်းပြီး နေရာပေးစေချင်ပါတယ်”ဟု ရန်ကုန်မြို့မှ သံချပ်အဖွဲ့တစ်ခု၏ဦးဆောင်သူတစ်ဦးက ဆိုသည်။

သြင်္ကန်သံချပ်အဖွဲ့များမှာ နှစ်အလိုက်တင်ဆက်မှုများပြုလုပ်ကြရာတွင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်၊ မြို့နယ်အလိုက်ဆုပေး မဏ္ဍပ်စသဖြင့် လှည့်လည်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ရပ်ကွက်မြို့နယ် အသီးသီးသို့လည်း ကားဖြင့်လှည့်လည်တင်ဆက်ခြင်းများလည်းရှိကြောင်း သိရသည်။ ယခုနှစ်သြင်္ကန် ကာလအတွက် ထင်ရှားသည့်သံချပ်အဖွဲ့အချို့မှလည်း လွန်ခဲ့သည့် တစ်လခန့်မှစ၍ သံချပ်စာသားများ အားပြင်ဆင်မှုများပြုလုပ်နေခြင်းများလည်းရှိပြီး သံချပ်အဖွဲ့အချို့မှာမူ ယခုနှစ်သြင်္ကန်တွင် ပါဝင် ယှဉ်ပြိုင်ဖျော်ဖြေမည် မဟုတ်ကြောင်းလည်း သိရသည်။ သြင်္ကန်သံချပ်အဖွဲ့များ၏ ဖျော်ဖြေမည့် သံချပ်စာသားများကို ကြိုတင်စိစစ်ရန်အတွက်လည်း တင်ပြထားစေပြီး ယင်းအတွက်တင်ပြထားသည့် သံချပ်အဖွဲ့လည်း နည်းပါးကြောင်း သိရသည်။

 

 

Most Read

Most Recent