<

ရှစ်လေးလုံးပါတီ အမည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဦးကိုကိုကြီးတို့ တွေ့ဆုံဆွေးနွေး

ရှစ်လေးလုံးပါတီ အမည်အသုံးပြုခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်များနှင့် ဦးကိုကိုကြီးတို့ မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအမည်အား အသုံးပြုခြင်း မပြုရန် ကန့်ကွက်ခြင်းမဟုတ်ဘဲ အငြင်းပွားမှု ရှိနိုင်မည်လားဆိုသည့်အချက်အပေါ်တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“သူတို့အနေနဲ့က သက်ဆိုင်ရာ ပြည်ထဲရေးဌာနရော၊ လူဝင်မှုကြီးကြပ်ရေးရော စိစစ်တာတွေ ပြီးသွားတဲ့အချိန်မှာ ကော်မရှင်အနေနဲ့ ကန့်ကွက်တာကတော့ မရှိဘူး။ သို့သော် ဒီနာမည်ကို ဒီအတိုင်းသုံးစွဲတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာနိုင်သလားဆိုတာကို သူတို့အနေနဲ့ နည်းနည်းလေး စိုးရိမ်တယ်ဆိုတဲ့အကြောင်း၊ ဒါလေးကို မိသားစုပုံစံမျိုး ရှင်းပြတာဖြစ်ပါတယ်” ဟု ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေးကော်မတီဗဟို ဦးဆောင်ကော်မတီတာဝန်ခံ ဦးကိုကိုကြီးက ပြောကြား သည်။

ရှစ်လေးလုံးပါတီအမည် အသုံးပြုခြင်းအပေါ် ဝေဖန်မှုရှိနေသည့်အတွက် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နယ်ပယ်အသီးသီးရှိ ပါတီဝင် ရဲဘော်များ၏ ဆန္ဒဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ပါတီအမည်ရွေးချယ်ဖြစ်ပုံကို ကော်မရှင်အား ပြန်လည်ရှင်းပြခဲ့ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“သူတို့စပြောကတည်းက သူတို့အနေနဲ့က ကန့်ကွက်ခဲ့တာ မဟုတ်ပါဘူး။ သို့သော် တချို့ ဒီလိုအသံထွက်တဲ့အချိန်မှာ သူတို့အနေနဲ့ ခေါ်ပြီးတော့ ရှင်းပြတာဆွေးနွေးတာ ဖြစ်ပါတယ်ဆိုတာ ရှင်းပြပါတယ်။ ခင်ဗျားတို့လည်း သိပြီးသား ဖြစ်မှာပါလို့ဆိုတော့ ကျွန်တော်တို့လည်း သိပါတယ်လို့။ တစ်ဦးချင်းရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တာ၊ ဝေဖန်ကြတာကိုလည်း အလေးအနက်ထားပါတယ်။ သို့သော် ကျွန်တော်တို့ ကိုယ်၌ကလည်း နယ်အသီးသီးမှာ ရှစ်လေးလုံးမှာ သက်ဆိုင်ရာ ဒေသအသီးသီးမှာ ဦးဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ တချို့ကျောင်းသားတပ်မတော်က ပြန်လာပြီးတော့ နိုင်ငံရေးဆောင်ရွက်တဲ့သူတွေ၊ နိုင်ငံတကာမှာရောက်နေတဲ့ ရဲဘော်တွေနဲ့ ညှိနှိုင်းကြတာ ရှိပြီးတော့ ပါတီဖြစ်မြောက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်ထားတာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရှင်းပြပါတယ်” ဟု ဦကိုကိုကြီးက ပြောကြားသည်။

ပါတီအမည်အား အသုံးပြုရန် ခွင့်ပြုပါက ပုဒ်မ ၃ (ခ) အရ အကြောင်းပြန်ရမည်ဖြစ်ပြီး ဥပဒေနှင့်ငြိစွန်း၍ ခွင့်မပြုပါက ပုံစံ (ဂ) ဖြင့် အကြောင်းပြန်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပါတီတည်ထောင် လိုသူဖြစ်သည့် မိမိတို့၏ ကိုယ်ရေးမှတ်တမ်းများမှာ ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု သက်ဆိုင် ရာဌာနအသီးသီးက အတည်ပြုပြီးဖြစ်သည်ဟု သိရကြောင်းလည်း ဦးကိုကိုကြီးက ပြောကြားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုအား ပါတီဖြစ်မြောက်ရေးတွင်ပါဝင်သည့် ရဲဘော်များအား ပြန်လည်ရှင်းလင်းဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ပြီး အဆိုပါရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်အကြောင်း ပြန်ကြားမည်ဖြစ်ကြောင်းနှင့် ပါတီအမည် ပြောင်းလဲရေးအပေါ် ပြန်လည်သုံးသပ်ခြင်း မသုံးသပ်ခြင်းမှာ ပါတီဖြစ်မြာက်ရေးတွင် ပါဝင်သည့် ရဲဘော်များအပေါ်တွင် မူတည်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်လေးလုံးပါတီအမည်ဖြင့် နိုင်ငံရေး ပါတီထူထောင်ရန်အတွက် ဦးကိုကိုကြီး အပါအ၀င် ပါတီတည်ထောင်လိုသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

 

March 26, 2018














Copy Protected by Chetan's WP-Copyprotect.