ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ယာယီမြေသားဖို့ကာ ပြုပြင်ပြီးနောက် မော်တော်ယာဉ်များအား သွားလာခွင့်ပြု

ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ယာယီမြေသားဖို့ကာ ပြုပြင်ပြီးနောက် မော်တော်ယာဉ်များအား သွားလာခွင့်ပြု
Published 29 February 2024

ဖေဖော်ဝါရီ  ၂၈ ရက် နံနက် ၃ နာရီခွဲခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ယာယီမြေသားဖို့ပြုပြင်ပြီးနောက် ည ၆ နာရီခွဲ ခန့်မှစတင်ကာ မော်တော်ယာဉ်များအား ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မိုးကောင်းတံတားအား ဖေဖေါ်ဝါရီလ (၂၈) ရက် နံနက် ၁၁ နာရီ ခန့်မှစတက်ကာ ယန္တရားများဖြင့် အပျက်အဆီးများအား ရှင်းလင်းခြင်းနှင့် မြေဖို့ခြင်းများလုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဓိကကတော့ ကုန်တင်ယာဉ်ကြီးတွေပါ သွားလာလို့ ရအောင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရအောင် အမြန်လုပ်ဆောင်လိုက်တာလို့ လမ်းတာဝန်ရှိသူတွေထံက သိရတယ်” ဟု ပြောကြားသည်။

ထို မိုးကောင်းတံတားနေရာအား ယာယီမြေသားဖို့ပြုပြင်ပြီးနောက် နှစ်ဖက်ယာဉ်များအား အလှည့်ကျသွားလာခွင့်ပြုခဲ့ကြောင်း နှင့် ယနေ့ (ဖေဖေါ်ဝါရီလ ၂၉) ရက်တွင် ယာဉ်များ ပုံမှန်နီးပါးအတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ဖေဖေါ်ဝါရီလ (၂၈) ရက် နံနက် (၃) နာရီခွဲခန့်က အဆိုပါ သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇) (၁၃၆/၀) ကြားရှိ တံတားအမှတ် (၄/၁၃၆) မိုးကောင်းတံတားမှာ မိုင်းခွဲဖျက်ဆီး ခံခဲ့ရသည်။

မိုင်းပေါက်ကွဲမှုကြောင့် အလျား (၃၇) ပေခန့်၊ အကျယ် (၄၈) ပေခန့်ရှိ မိုးကောင်းတံတား တံတားတစ်စင်းလုံး ပျက်ဆီးသွားခဲ့သည့်အပြင် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် တံတားအနီးရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်းအများအပြား ပျက်ဆီးခဲ့သည်။

မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် မော်တော်ယာဉ်ငယ်များအနေဖြင့် ကျေးရွာအတွင်းလမ်းမှ သွားလာ၍ ရခဲ့ကြသော်လည်း ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင် မှန်လုံယာည်များမှာ သွားလာ၍ မရသည့်အတွက် နှစ်ဖက်ကားအစီးရေ ရာနှင့်ချီပြီး ပိတ်မိနေခဲ့ရာမှ ယမန်နေ့  ညနေ ၆ နာရီခွဲ ခန့်မှသာ ပြန်လည်သွားလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo  - မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း

Most Read

Most Recent